ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်က ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး ဧပြီလ ၁၉ ရက်နေ့ ဒီကနေ့အထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ကျေးရွာ ၃ ရွာ လောက်ကဒေသခံ ၁၀၀၀ ကျော်မှာ အလှူရှင်တွေနည်းပါးလာတာကြောင့် စစ်ရှောင်တွေအတွက်အကူအညီပေးမှုတွေ ပိုလိုအပ် နေတယ်လို့ စစ်ဘေးရှောင်တွေထံမှသိရပါတယ်။
မြဝတီမြို့အပြင်ဘက်ကကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတာကြောင့် မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာက ဒေသခံတွေမှာ မြဝတီမြို့ပေါ်ဘုန်းကြီးကျောင်း ၄ ကျောင်းအပြင် ဖားချောင်းရှမ်းကျောင်း၊ မင်္ဂလာရွာဦးကျောင်း၊ မေတ္တာကျောင်းနဲ့ မဲကနယ်ကျေးရွာကဘုန်းကြီး ကျောင်းတချို့မှာ စစ်ရှောင်နေကြရပြီး စစ်ရှောင်တွေအတွက် အခြေခံစားသောက် ကုန်တွေအပြင် သောက်သုံးရေ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်နေသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဒေါ်တို့မှာ လိုတာကတော့အကုန်လိုတယ်။ ဆန်၊ ဆီ၊ ကြက်သွန်ကတော့အဓိကလိုတာပေါ့။ အခုနောက်ပိုင်းဆိုရင် တစ်ပတ်တစ်ခါ သုံးရက်တစ်ခါမှ နိုင်သလောက်နည်းနည်းချင်း လာလှူကြ တော့တယ်။ နေရာထိုင်ခင်းတွေကတော့ အဒေါ်တို့အတွက်အဆင်ပြေတယ်။ ဒီမှာက ကျောင်းဆောင် နည်းနည်းများတော့ ဒီကလူဦးရေနဲ့ လုံလောက်တယ်။ တချို့တွေဆိုရင် အဝတ်အစားတောင် ပါမလာဘူး။ နွေရာသီလဲရောက်လာပြီ ဓာတ်ဆားတွေလိုတယ်။ တချို့တွေကျတော့ ခြင်ထောင်ယူလာကြတယ် တချို့မယူလာတဲ့သူတွေကျတော့ ညဘက်ခြင်ကိုက်တော့ ယားနာဖုပေါက်တာတွေရှိတော့ ဆေးတွေလဲ လိုတယ်။ အခုချိန်ထိ ဆေးလှူတာမျိုးတွေမရှိသေးဘူး”လို့ သူကပြောပါတယ်။
မဲကနယ်ကျေးရွာနဲ့ ဖားချောင်းကျေးရွာကဘုန်းကြီးကျောင်း ၅ ကျောင်းလောက်မှာ တစ်ကျောင်းကို စစ်ရှောင်ဦးရေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားချောင်းရှမ်းကျောင်းဘုန်းကြီးကျောင်းမှာတော့ လူဦးရေ စုစုပေါင်း ၁၀၆ ယောက်ရှိတယ်လိုဆိုပါတယ်။ အဆိုပါဘုန်းကြီးကျောင်းမှာလဲ သောက်ရေကို ကိုယ်တိုင်ဝယ်သောက် နေရကာ၊ သုံးရေအတွက်ကိုတော့ ရေရှားပါးတဲ့အပြင် မီးစက်နဲ့ရေတင်နေရပြီး ရေချိုး၊ အဝတ်လျှော်တဲ့အခါမှာလည်း လူတစ်ယောက်ကို အကန့်အသတ်နဲ့အသုံးပြုရတယ်လို့ သူကဆက်ပြောပါတယ်။
“ဒီမှာက ရေရှားတော့ ရေချိုးရင် တစ်ယောက်ကို တစ်ခါပဲချိုးရတယ်။ ရေတင်ဖို့ကျတော့ ဘုန်းကြီးကျောင်းကမီးစက်ကို ဆီဝယ်ထည့်ပေးပြီးတော့ရေတင်ရတယ်။ သောက်ရေကတော့ ကိုယ့်ပါကိုယ်ဝယ်သောက်ရတာပေါ့” လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက် လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ လူနေအိမ်တချို့ပျက်စီးခဲ့တဲ့အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ နယ်ခြားစောင့်တပ် BGF၊ စစ်ကောင်စီတပ်တို့ ဒီနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့် ကျေးရွာအတွင်း ပြန်မနေထိုင်နိုင်သေးဘဲ မြဝတီမြို့ပေါ်က ဘုန်းကြီကျောင်း ၄ ကျောင်းနဲ့ဖားချောင်း၊ မဲကနယ်ကျေးရွာက ဘုန်းကြီးကျောင်းတွေမှာ ဆက်လက် စစ်ဘေးရှောင် ၁၀၀၀ ဝန်းကျင်က စစ်ဘေးဆက်လက်ရှောင်တိမ်းနေရတာလည်း ဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cj