ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး အတွင်းမဲကနယ်ကျေးရွာမှာ ဧပြီလ ၁၉ ရက်နေ့ မနက် ၆ နာရီ လောက်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာမှာ စစ်ကောင်စီတပ်က အတွင်းမဲကနယ်ကျေးရွာနဲ့ အတွင်းကွင်းကလေး ကျေးရွာဘက်တွေကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို မြဝတီမြို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ လကုန်ပိုင်းလောက်ကစပြီး ဒီနေ့မနက်ပိုင်းအထိ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ BGF တပ်တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီတပ်က မဲကနယ်ကျေးရွာဘက်နဲ့ မြေနီကုန်းရပ်ကွက်ဘက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို အဆက်မပြတ်ပြုလုပ်ခဲ့တာပါ။
ဒီနေ့ မနက်ပိုင်းမှာလည်း မဲကနယ်ကျေးရွာထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်က အတွင်းမဲကနယ်ကျေးရွာနဲ့ အတွင်းကွင်းကလေးကျေးရွာတွေဘက်ကို မနက် ၉ နာရီလောက်က လေကြောင်းတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“မဲကနယ်အနောက်ဘက်၊ အတွင်းမဲကနယ်နဲ့ အတွင်းကွင်းကလေးဘက်ကို ၂ ခါလောက် လေယာဉ်နဲ့ အရင်ကြဲတယ်၊ ပြီးတော့ အဲ့ဒီမဲကနယ်ရွာပေါ်မှာ အကြာကြီးဝဲနေတယ်၊ နောက်ပြီးတော့ နောက်ထပ် ၅ခါ ထပ်ကြဲတယ်၊ အခုထိ ရွာထဲကလူတွေနဲ့ ဆက်သွယ်လိုမရတော့ ရွာထဲမှာ ဘာတွေထိသွားလဲ မသိရသေးဘူး၊ လက်နက်ကြီးနဲ့လည်းပစ်တယ်၊ ညတုန်းကလည်း တစ်ညလုံးလက်နက်ကြီးတွေနဲ့ ကရင်လက်နက်ကိုင်အဖွဲတွေရှိမယ်ထင်တဲ့နေရာတွေကို ပစ်တယ်” လို့ မြဝတီမြိုဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို မြဝတီမြို့ အနီးနားမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကို ပြုလုပ်နေပေမဲ့ မြဝတီမြို့ထဲမှာတော့ လူသွားလူလာမပြတ်ဘဲ ရှိနေကြတယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးသံတွေရော၊ လက်နက်သေးသံတွေရောစုံနေတာဘဲကြားရတာ၊ အခုကတော့ တစ်ချက်ငြိမ်နေတယ်၊ ညဘက်ဆိုရင်လည်း လက်နက်ကြီးသံတွေက ဆက်တိုက် ညလုံးပေါက် ကြားနေရတာ၊ မြို့ပြင်မှာက ပစ်နေတဲ့အသံတွေကြားနေရတာ၊ မြို့ထဲမှာတော့ ဘာမှမဖြစ်သလိုဘဲ သွားလာနေကြတယ်”လို့ မြဝတီမြို့ထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
မဲကနယ်ကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့လောက်ကစပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာ၊ ရွာသစ်ကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာတွေက ဒေသခံ ၃ ထောင်ကျော် မြဝတီမြို့ ဘုန်းကြီးကျောင်း ၄ကျောင်း၊ ဖားချောင်းဘုန်းကြီးကျောင်းနဲ့ မဲကနယ်ရွာဦးဘုန်းကြီးကျောင်းတွေကို စစ်ဘေးတိမ်းရှောင် ခဲ့ရပြီး စစ်ရှောင်တွေထဲက ရွာသစ်ကျေးရွာဒေသခံတစ်ချို့မှာ နေအိမ်တွေကို စိတ်မချတာကြောင့် နေရပ်ပြန်လည်နေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ