ဧပြီလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်နီ (ကယား) ပြည်နယ်အတွင်းက ကန့် (၇) ခုအတွင်းရှိ စစ်ဘေးရှောင် ၂၀၀,၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာအပြင် ရေရှားပါးမှုနဲ့ နွေရာသီအလွန်ပူပြင်းတာကြောင့် သောက်ရေ၊ သုံးရေတွေ အရေးပေါ်လိုအပ်နေတယ်လို့ Job For Kayah အဖွဲ့ထံမှသိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်ကန့်တွေကို ဒန်ဘာကား ဂါလန် (၂၀၀၀) နဲ့ တခေါက်စာရေထည့်ရင် သုံးလေးရက် စာအတွက် သုံးရေအဆင်ပြေပေမယ့် ချိုးရေအတွက်သုံးလို့မရဘူးလို့သိရပါတယ်။ ရေသယ်တဲ့ကားခမှာ အနည်းဆုံး ၂၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်ဝန်းကျင်အထိပေးရတာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့ကနေတဆင့် ရေကားကိုဆက်သွယ်ပြီး ကန့် တွေဆီကိုပိုခိုင်းရတာပါခင်ဗျ။ ခရီးအကွာအဝေးပေါ် မူတည်ပြီး စျေးအနည်းအများရှိသွားပါတယ်။ ရေတခေါက်ထည့်ရင် ၃ ရက် ၊ ၄ ရက် စာလောက်တော့ရတယ်။ ဒါကသုံးရေအတွက်ကိုပဲပြောတာပါ။ ရေချိုးဘာညာအတွက်မပါသေးဘူးဗျ” လို့ JFK မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
ယခုအခါမှာ အခြားလိုအပ်ချက်တွေရှိနေပေမယ့်လည်း ရေက သုံးရေအတွက်ရော သောက်ရေအတွက်ပါ နေ့စဥ်လိုအပ်နေတာမို့ ပိုအရေးကြီးတယ်လို့လည်း စစ်ဘေးရှောင် ကန့် တခုမှာ နေထိုင်တဲ့ အမျိုးသမီးတဦးထံမှ သိရပါတယ်။
“အခုချိန်က ရာသီဥတုလည်းပူသလို တောင်ပေါ်ရေရှားချိန်လည်း ဖြစ်နေတော့ သောက်ရေရော၊ သုံးရေရောက အဓိကပြဿနာဖြစ်နေတယ်။ ရေကမသောက်ပဲလည်းမနေနိုင်ဘူးလေ၊ နောက်ပြီး အပေါ့အလေးသွားတာကလည်း ကြာကြာထိန်းထားလိုမရတော့ ရေနဲ့ပတ်သတ်ပြီး တော်တော် ဒုက္ခ ရောက်နေတယ်” လို့လည်း သူကဆိုပါတယ်။
လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် ဒေါတမကြီးဘက်က စစ်ဘေးရှောင်တွေ ထပ်တိုးလာကာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆားတွေလည်း လိုအပ်နေသလို သုံးရေရမှ သောက်ရေအတွက် တဖန်ပြန်လည် ကျိုချက်သောက်သုံးနေရတာဖြစ်ပြီး ရေက အဓိကလိုအပ်နေတာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
အခုချိန်မှာ ရေက မရှိမဖြစ်လိုအပ်နေတဲ့ အရေးပေါ်လိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက် ပြည်တွင်း ၊ ပြည်ပမှ အလှူရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း Job For Kayah မှ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – Job For Kayah