
ဧပြီ ၁၆ ရက် ၂၀၂၃ ခုနှစ်
ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီး ၈ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။ ဒီးမော့ဆို အနောက်ခြမ်းက စစ်ဘေးရှောင်စခန်း အနီးကို လက်နက်ကြီး တလုံး ကျရောက်ခဲ့တာကြောင့် စခန်းအတွင်း ဆော့ကစားနေတဲ့ ၄ နှစ်အရွယ် မိန်းကလေးတဦး လက်နက်ကြီးစ လက်ထိမှန်ကာ ဒဏ်ရာရခဲ့ပါတယ်။
“ကျမတို့ အကုန်လုံး ဒီတဲမှာ စုနေနေတုန်း ကျတာ၊ ကလေးတွေက ဒီမှာ လာဆော့နေတာ၊ ဒီဘေးမှာဆို မွေးကင်းစ ကလေးနဲ့ သူ့အမေက နို့တိုက်နေတာလည်း ရှိတယ်၊ နောက်ထပ်ကလေး ၂ ယောက်လဲ အနားမှာ အတူတူ ဆော့နေတုန်း လက်နက်ကြီးကျတာ၊ ခေါင်မိုးလဲ ပေါက်သွားတယ်” လို့ ဒဏ်ရာရတဲ့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက Karenni’s Voice ကို ပြောပြပါတယ်။
မိန်းကလေးငယ်ရဲ့ ဘယ်ဘက်လက်မှာ ထိမှန်ခဲ့တာဖြစ်ပြီး Mu Kayan အဖွဲ့က ဆေးကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။
“ဒဏ်ရာက လက်နက်ကြီးစ စိုက်ထိသွားတာပေါ့၊ မူကယန်းအဖွဲ့က ကူပြီး ကုပေးသွားတာ၊ လက်က ပေါက်ပြဲသွားတာ ၅ ချက်ချုပ်ရတယ်၊ ကလေးလည်း ခုနကတော့ ငိုတာ တအားပဲ၊ ခုတော့ ပင်ပန်းသွားပြီ ထင်တယ်၊ မငိုတော့ဘူး” လို့ မိခင်ဖြစ်သူက ဆက်လက်ပြောပြပါတယ်။
ဒီနေ့ နေ့လည်မှာ အဆိုပါ စစ်ရှောင်စခန်းအနီးတဝိုက်ကို လက်နက်ကြီး ၄ လုံးထပ်မနည်း ကျရောက်ခဲ့တာဖြစ်ပြီး ဒီးမော့ဆိုအနောက်ခြမ်း (–) ရွာအနီးကိုလဲ လက်နက်ကြီးများ ၄လုံးခန့် ဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။
ယခု ဒဏ်ရာရသူ ကလေးငယ်အပါအဝင် ဧပြီလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း လက်နက်ကြီးကြောင့် အရပ်သား ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
– Karenni’s Voice (People’s Radio Myanmar)
Photo – Karenni’s Voice