
ဧပြီ ၁၇ ရက် ၂၀၂၃ ခုနှစ်
ဒီကနေ့ (နှစ်ဆန်း ၁ ရက်နေ့) မနက် ၈ နာရီခန့်မှာ ဒီးမော့ဆို အနောက်ခြမ်း သက်တံ့စစ်ရှောင်စခန်းက စစ်ဘေးရှောင် ၃၀ ခန့်ပါတဲ့ လူစုဟာ အမှိုက်ကောက်တဲ့ လှုပ်ရှားမှု တခုကို ပြုလုပ်ခဲ့ကြပါတယ်။
“ဒီလို အမှိုက်ကောက်ဖြစ်တာကကျတော့ ကျတော်တို့က နောက်တန်းမှာလေ၊ ရှေ့တန်းကို မကူနိုင်ဘူး၊ ရဲဘော်တွေလို မတိုက်နိုင်ဘူး၊ စစ်ရှောင်နေရတာဆိုတော့ စစ်ရှောင်ရင်းနဲ့ ဘာကူလုပ်နိုင်မလဲ တွေးရင်း အမှိုက်စုကောက် ဖြစ်တာပါ၊ ပြီးတော့ ကျတော်တို့ဆို ဒီးမော့ဆို မြို့မကနေ စစ်ရှောင်လာရတာ၊ အခု ဒီရွာက ကျတော်တို့ စစ်ရှောင်တွေကို လက်ခံထားပေးတယ်ဆိုတော့ ကျတော်တို့ကလည်း ရွာကို သန့်သန့်ရှင်းရှင်းလေး ပြန်ဖြစ်အောင်၊ ကျတော်တို့ကြောင့် အမှိုက်မပွအောင်လို့ စုကောက်တာပါ။” လို့ သက်တံ့စစ်ရှောင်စခန်းရဲ့ ကော်မတီ ဥက္ကဌ ဖြစ်သူက Karenni’s Voice ကို ပြောပြပါတယ်။
သူတို့ရဲ့ သက်တံ့စစ်ရှောင်စခန်း အနီးတဝိုက်နဲ့ ရွာတွင်းရွာပြင်တဝိုက်ကို အမှိုက်စုကောက်ခဲ့ကြတာဖြစ်ပြီး စွန့်ပစ်ပစ္စည်းအများစုဟာ ပလတ်စတစ်နဲ့ ဘူးခွံတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါဟာ သူတို့အဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။
“ကျတော်တို့ ဖေဖော်ဝါရီတုန်းကလည်း အခုလိုပဲ အမှိုက်ထွက်ကောက်ကြပါသေးတယ်၊ မင်းအောင်လှိုင် အာဏာသိမ်းတဲ့ ၂ နှစ်ပြည့်နေ့မှာ ဆန္ဒထွက်ပြတဲ့အနေနဲ့ အမှိုက်ကောက်တဲ့ လှုပ်ရှားမှု လုပ်ခဲ့ပါတယ်၊ ဒီတခေါက်က ဒုတိယအကြိမ်ပါ၊ ဆက်ပြီးလည်း လှုပ်ရှားမှုတွေ လုပ်ဖို့ ကျတော်တို့ တွေးပါတယ်၊” လို့ စစ်ရှောင်ကော်မတီ ဥက္ကဌဖြစ်သူက ဆက်လက်ပြောပြပါတယ်။
ဒီးမော့ဆို အနောက်ခြမ်းက မိတ်ဆွေ စစ်ရှောင်များအနေနဲ့လည်း ပလတ်စတစ်အမှိုက်တွေလျှော့သုံးပြီး ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားဖို့ သူတို့အဖွဲ့က တိုက်တွန်းပြောဆိုခဲ့ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအရ ဒီးမော့ဆိုဟာ မြို့နယ်အလိုက် စစ်ဘေးရှောင်ဦးရေ အများဆုံးမြို့နယ်ဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်ဦးရေ ၈၃,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။


Photo – Karenni’s Voice