
ဧပြီ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကောင်စီဟာ လွိုင်ကော်မြို့နယ် အရှေ့ခြမ်းကို ယမန်နေ့(ဧပြီ ၁၅ ရက်) ညက လက်နက်ကြီးများ ပစ်ခတ်ခဲ့သလို ယနေ့(ဧပြီ ၁၆ ရက်) မနက်အစောပိုင်းမှာလည်း လေကြောင်းက ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ယမန်နေ့ ည ၁၀:၃၀ အချိန်ခန့်မှာ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၈) တပ်ရင်းက လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် လွိုင်လင်လေးကျေးရွာအနီး တောင်ယာတဲမှာ ညအိပ်နေထိုင်နေတဲ့ သက်လတ်ပိုင်း အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“၅၃၈ တပ်က လက်နက်ကြီးပစ်တာ မနေ့ ၁၅ ရက်နေ့ညမှာပေါ့။ အဲဒါ တောင်ယာတဲမှာ ရှိနေတဲ့ ၂ ယောက် ထိသွားတယ်။ တယောက်ကတော့ စိုးရိမ်ရတယ်။ နောက်တယောက်ဒဏ်ရာတော့ မစိုးရိမ်ရဘူးပေါ့။” လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေး KMIC ရဲ့ တာဝန်ရှိသူက Karenni’s Voice ကို ပြောပြပါတယ်။
ယနေ့ မနက် ၂:၃၀ အချိန်ခန့်မှာလည်း စစ်ကောင်စီက လွိုင်ကော်အရှေ့ဘက်ခြမ်း လွိုင်လင်လေးကျေးရွာအုပ်စု (–) ရွာကို လေကြောင်းမှ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
“ညသန်းခေါင်မှာ သူတို့ ၄ နေရာလောက်ကို ချသွားတာ။ အဲဒီနေရာက အရင် ဖေဖော်ဝါရီလတုန်းက သူတို့ကြဲဖူးတဲ့နေရာပဲ။ အဲဒီတည်းက ဒေသခံတွေ စစ်ရှောင်တွေက ပြောင်းပြေးကုန်ကြပြီဆိုတော့ အခုကြဲတာ လူတော့ မထိသွားဘူး။” လို့ KMIC ရဲ့ တာဝန်ရှိသူက ပြောပြပါတယ်။
စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့တဲ့ နေရာတွေမှာ ယမန်နေ့နဲ့ ယနေ့မှာ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိပါဘူး။ ယမန်နေ့ မနက်ပိုင်းက လွိုင်ကော်မြို့ရှိ စစ်ကောင်စီ ပြည်နယ်ဗဟိုမဏ္ဍပ်ကို လွိုင်ကော် PDF နဲ့ Falcon Wing တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
“မနေ့က လွိုင်ကော် သူတို့ တိုက်ခိုက်ခံရပြီး သူတို့ဘက်က အထိအခိုက်တွေ ရှိတယ်။ အဲဒီတော့ တိုက်ခိုက်တဲ့သူတွေက လွိုင်ကော်အနီးအနားမှာပဲ ရှိမယ်လို့ တွေးပြီး ဘာမှမဖြစ်နေတဲ့ နေရာတွေကို ပြန်တိုက်ခိုက်ပုံရတယ်။” လို့ KMIC ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ယနေ့ မနက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်ဖူးပါတယ်။ အဲဒီတုန်းက စစ်ရှောင်တွေရဲ့ ဆေးပေးခန်း ၁ လုံးနဲ့ စာသင်ကျောင်းဆောင် ၁ ဆောင်အပါအဝင် စားနပ်ရိက္ခာများ ပျက်စီးခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၂ ဩဂုတ် ၉ ရက်(ကရင်နီခုခံတော်လှန်ရေးနေ့)မှာလည်း အဲဒီနေရာကိုပဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် (၇၀) အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပါသေးတယ်။


Photo – KnIC
ယနေ့ မနက် ၂:၃၀ အချိန် စစ်ကောင်စီက လွိုင်ကော်အရှေ့ခြမ်းကိုကြဲချခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး
#လွိုင်ကော် #လက်နက်ကြီး #လေကြောင်း #အရပ်သားထိခိုက်မှု
Telegram – https://t.me/karennivoice/48