ဧပြီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ မတ်လ လကုန်ပိုင်းလောက်ကစပြီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြဝတီမြို့အနီးတစ်ဝိုက်ကျေးရွာ ၄ ရွာကနေ ဒေသခံ ၃ ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံတွေထဲကတစ်ချို့ဟာ ဒီနေ့အထိ နေရပ်မပြန်ရဲကြသေးဘဲ ရွာသစ်ကျေးရွာက စစ်ဘေးရှောင်တစ်ဝက်ကျော်မှာတော့ နေအိမ်တွေကိုစိတ်မချတာကြောင့် နေရပ်ပြန်လည်နေထိုင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းလောက်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်၊ BGF တပ် တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီတပ်ဘက်က မြဝတီမြို့အနီးတစ်ဝိုက် ကျေးရွာတွေ ဖြစ်တဲ့ မဲကနယ်ကျေးရွာ၊ မြေနီကုန်းရပ်ကွက်အနောက်ဘက်၊ ရွှေမြစန္ဒီရပ်ကွက်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
အခုလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေကိုပြုလုပ်ခဲ့တာကြောင့် မြဝတီမြို့အနီးနားကျေးရွာတွေဖြစ်တဲ့ မဲကနယ်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဖားချောင်းကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာတွေက ဒေသခံ ၃ ထောင်ကျော်ဟာ မြဝတီမြို့ထဲဘက်က ဘုန်းကြီးကျောင်း ၄ ကျောင်း၊ မဲကနယ်ဘုန်းကြီးကျောင်းနဲ့ ဖားချောင်း ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရပါတယ်။
လက်ရှိအချိန်မှာ မြဝတီမြို့အနီးတစ်ဝိုက်မှာ မြေပြင်တိုက်ပွဲတွေ ငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်က မြဝတီမြို့အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို ညတိုင်းနီးပါးလက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင်တွေမှာ နေရပ်ကိုပြန်လည်မနေထိုင်ရဲကြဘဲ တစ်ချို့ကတော့ နေအိမ်တွေကို စိတ်မချတာကြောင့် နေရပ်ပြန်လည်နေထိုင်နေကြတယ်လို့ ရွာသစ်ကျေးရွာမှာ ပြန်လည်နေထိုင်နေသူတစ်ဦးက ပြောပါတယ်။
“အခုက တိုက်ပွဲတွေငြိမ်နေတယ်လေ၊ ပြီးတော့ စစ်ရှောင်တုန်းက အိမ်မှာလူမရှိတော့ ညဘက်တွေမှာ အိမ်ကိုလူကပ်တယ်လို့ ရွာထဲမှာကျန်နေတဲ့လူတွေကပြောကြတယ်၊ အဲ့ဒီကြောင့် ပြန်လာနေတာ၊ ညဘက်တွေမှာကတော့ ကရင်လက်နက်ကိုင်တွေရှိတဲ့ဘက်ကို လက်နက်ကြီးနဲ့ပစ်တဲ့အသံတွေ ကြားနေရတယ်၊ အဲ့ဒီလို လက်နက်ကြီးသံတွေလည်းကြားနေတော့ တစ်ချို့ကလည်း မပြန်ရဲကြသေး ဘူးပေါ့၊ အိမ်ကိုစိတ်မချတဲ့ လူတစ်ချို့လောက်ဘဲ အိမ်ပြန်ပြီးနေကြတာ၊ ပြန်တာက ရွာရဲ့ ၃ ပုံ ၂ ပုံ လောက်ရှိတယ်” လို့ ရွာသစ်ကျေးရွာမှာ ပြန်လည်နေထိုင်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း စစ်ကောင်စီတပ်က ညဘက်တွေမှာ မြဝတီမြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အပြင် မြဝတီမြို့ထဲမှာလည်း ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ညဘက်အပြင်ထွက်သူတွေကို ပစ်မိန့်ပေးထားတယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ဘေးရှောင်တွေထဲကတစ်ချို့ကတော့ မပြန်ရဲကြသေးဘူး၊ ညဘက်တွေက တစ်ညလုံးနီးပါး လက်နက်ကြီးသံတွေကြားနေရတာလေ၊ အခုကလည်း ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ထုတ်ထားတယ်၊ ထွက်တဲ့လူတွေကိုတွေ့ရင် ပစ်မိန့်လည်းပေးထားတယ်၊ တကယ်လည်း အပြင်ထွက်တဲ့လူတွေ့ရင်ပစ်တယ်” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က မြဝတီမြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ မြဝတီမြို့ ရဲစခန်းလမ်း၊ ဌာနဆိုင်ရာ စုပေါင်းရုံးလမ်းနဲ့ က.ည.န ရုံးလမ်းတစ်လျှောက်ကို ပိတ်ထားတာကြောင့် ပိတ်ထားတဲ့နေရာတွေကိုသွားရင် လမ်းလျှောက်ဖြတ်သွားရပြီး ညမထွက်ရအမိန့်ကိုထုတ်ပြန်ထား တာကြောင့် မြဝတီမြို့ရဲ့ညဘက်တွေမှာ လူသွားလူလာမရှိသလောက်နည်းပါးနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေဘက်ကို ပစ်ထုတ်တဲ့လက်နက်ကြီးသံတွေ မိုးလင်းပေါက်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ