
ဧပြီ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
ယမန်နေ့(ဧပြီ ၁၇ ရက်) နေ့လည်က ရှမ်း-ကရင်နီနယ်စပ်တနေရာမှာ မိုးသီးများကြွေကျပြီး လေပြင်းများတိုက်ခိုက်တာကြောင့် ခေါက်တုံစစ်ရှောင်စခန်းအတွင်းက စာသင်ကျောင်းနဲ့ ယာယီဘုရားကျောင်း အမိုးများပျက်စီးကာ ကျောင်းသုံးစာအုပ်များနဲ့ ကျမ်းစာအုပ်များ ရေစိုပျက်စီးခဲ့ပါတယ်။
“မနေ့ နေ့လည် ၁၂ နာရီ ကျော်လောက်က မိုးရွာတာ။ မိုးမများပေမဲ့ လေပြင်းလို့ပါ၊ နာရီဝက်ကျော်ကျော်လောက်ကြာတယ်။ စာသင်ကျောင်းနဲ့ ဘုရားကျောင်းကလည်း မိုးကာစနဲ့မိုးထားတာ၊ အရင်တည်းက စုတ်နေပြီဆိုတော့ လေပြင်းတဲ့အချိန် ပိုဆိုးသွားတာပေါ့။” လို့ ခေါက်တုံစစ်ရှောင်စခန်းရဲ့ စစ်ရှောင်ကော်မတီဝင် တဦးက Karenni’s Voice ကို ပြောပြပါတယ်။
မြန်မာဘာသာနဲ့ “သရက်ဝင်း” လို့ အဓိပ္ပာယ်ရတဲ့ ခေါက်တုံစစ်ရှောင်စခန်းမှာ မိုးဗြဲနဲ့ လီဝိုးရွာတို့က နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ပြည်သူ ၁၇၀ ကျော် နေထိုင်နေပါတယ်။ ဒီစခန်းအတွင်း ၎င်းတို့ စစ်ဘေးရှောင်နေတာ ၂ နှစ်ခန့်ကြာမြင့်ပြီ ဖြစ်ပါတယ်။
“ကျတော်တို့က ဒီနေရာမှာ တောင်ယာလုပ်ရလွယ်အောင်ပြောင်းလာတာမို့ ဆက်သွယ်ရေးတော့ ခက်ခဲတယ်။ ဖုန်း၊ အင်တာနက်လည်း မရဘူးလေ။ စခန်းထဲ ဆိုင်ကယ်နဲ့ပဲ လာလို့ရတော့ အလှူရှင်အဖွဲ့တွေလည်း သိပ်မရောက်ကြဘူး။ ရိက္ခာလှူမဲ့သူမရှိတာ လေးလလောက်ကြာပြီ။” လို့ စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်က ဆက်လက်ပြောပြပါတယ်။
ကျောင်းသူကျောင်းသား ၇၀ ခန့် စာသင်ကြားနေတဲ့ ခေါက်တုံစစ်ရှောင်စခန်းရဲ့ စာသင်ကျောင်းအမိုးကိုတော့ သင်ကြားရေးမပျက်ကွက်အောင် ပြန်လည်ဖာထေးပြီး ဆက်လက်သင်ကြားနေပါတယ်။
“ကျောင်းကတော့ စာဆက်သင်ရမှာဆိုတော့ ရှိတာနဲ့ ပြန်ဖာထေးထားရတယ်။ ဘုရားကျောင်းနဲ့ ဇရပ်တလုံးကတော့ မိုးကာလည်းမရှိသေးတော့ ဒီအတိုင်းပဲ။ မိုးလည်းကျတော့မှာဆိုတော့ ပြင်မှ ဖြစ်မယ်ဆိုပေမဲ့ အလှူရှင်က မရှိသေးဘူးဖြစ်နေတာ”လို့ စစ်ရှောင်ကော်မတီဝင်တဦးက ဆက်လက်ပြောပြခဲ့ပါတယ်။
နွေရာသီဖြစ်တာကြောင့် ကရင်နီဒေသက စင်ရှောင်များဟာ သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရသလို အချိန်ခါမဟုတ် မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခြင်းများကြောင့်လည်း ယာယီအဆောက်အအုံများ ပျက်စီးမှုကို ရင်ဆိုင်နေရပါတယ်။


Photo – CJ
မိုးသီးများကြွေ၊ လေပြင်းများကျရောက်နေစဉ် ခေါက်တုံစစ်ရှောင်စခန်း မြင်ကွင်း
Telegram – https://t.me/karennivoice/60