ဧပြီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ မြဝတီမြို့ အနီးနားကို စစ်ကောင်စီတပ်က ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ လောက်က တိုက်လေယာဉ်နဲ့ ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့မှာ ပြီးခဲ့တဲ့ မတ်လ လကုန်ပိုင်းလောက်ကစပြီး ဒီနေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်တိုက်ခိုက်မှုတွေ ပြင်းထန်နေတာမှာ စစ်ကောင်စီတပ်က အခုလို လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။
အခုလို မြဝတီမြို့အနီးနားဖြစ်တဲ့ မြေနီကုန်းရပ်ကွက်အနောက်ဘက်၊ ရွှေမြစန္ဒီရပ်ကွက်ဘက်နဲ့ ကြံခင်းရပ်ကွက် ပတ္တမြားဓာတ်ဆီဆိုင်ဘက်တွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး လူထိခိုက်မှု မရှိဘူးလို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လေယာဉ်ဗုံးကြီး ၄ လုံးပေါက်ကွဲသံ ကြားရတယ်၊ မြေနီကုန်းအနောက်မှာတစ်လုံး၊ အမအိပ်နေတာ လန့်ပါနိုးတယ်၊ အိမ်ပါတုန်သွားတော့လေ၊ မြေနီကုန်း အနောက်ဘက်ခြမ်းမှာရော၊ ပတ္တမြား ဓာတ်ဆီဆိုင် ဘက်ရော၊ မြစန္ဒီဘက်ခြမ်းမှာရောကြားရတယ်၊ အရင်က လက်နက်ကြီးတွေပစ်တာ အသံဘဲကြားရတာ အိမ်မတုန်ဘူး၊ အခုက အိမ်ပါတုန်တယ်၊ လူထိခိုက်တာတော့ မရှိဘူး၊ မြို့ထဲမှာတော့ လူအသွားအလာ နည်းနေတယ်” လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် မြဝတီမြို့အနီး မဲကနယ်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မဲကနယ်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဖားချောင်းကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာတွေက ဒေသခံပြည်သူ ၃ ထောင်နီးပါး မြဝတီမြို့ထဲက ဘုန်းကြီးကျောင်းတွေမှာ နေထိုင်နေကြရပြီး အခုလို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက် တာကြောင့် စစ်ဘေးရှောင်တွေ ထက်တိုးလာတဲ့အပြင် ရွှေကုက္ကိုလ်ဘက်ကနေလည်း မြဝတီမြို့ဘက်ကို စစ်ဘေးရှောင်လာတဲ့ လူတွေရှိနေတယ်လို့ မြဝတီစစ်ရှောင်တွေကို ကူညီနေတဲ့ အရပ်ဖက် အဖွဲ့အစည်းဝင်သူတစ်ဦးက ပြောပါတယ်။
“စစ်ရှောင်စခန်းတွေကတော့ လူတိုးလာဖို့ဘဲရှိတယ်လေ၊ မနက်ကလည်း ဗုံးကြဲတယ်လေ၊ အခုဆိုရင် ရွှေကုက္ကိုလ်လမ်းကလည်းပွင့်သွားပြီးဆိုတော့ ရွှေကုက္ကိုလ်ဘက်က ပြည်သူတွေတောင်မှ မြို့ထဲဘက်ကို လာဖို့ရှိတယ်၊ အခု ဒီနေ့ လူ ၄၀၀ လောက်ထက်တိုးလာတယ်” လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က မြဝတီမြို့အနီးမှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေတဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရှိတဲ့ နေရာတွေဘက်ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ညတိုင်းနီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ် နေတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ