ဧပြီ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ရှိ ပဝတ်ကုန်း ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ကျဆုံးများပြားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေ ရမ်းသမ်းပစ်ခတ်ခဲ့ခံရပြီး အသက်ဆုံးရှုံးရတယ်လို တောကြီးမြွေဟောက် အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဧပြီလ ၈ ရက်နေ့၊ မနက် ၁၀ နာရီခွဲလောက်မှာ ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာရှိ ပဝတ်ကုန်းသုံးထပ် ဘုန်းကြီးကျောင်းသစ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား( ၂၀ ) လောက်ရှိတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခွဲ လောက်အထိ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၇ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တောကြီးမြွေဟောက် အဖွဲရဲ့ ပြန်ကြားရေးတာဝန်ခံက အခုလို ပြောပါတယ်။
“အဲ့ဒီပဝတ်ကုန်းဘုန်းကြီးကျောင်းသစ်မှာက အရင်ကတည်းကခြေကုပ်ယူထားတာ။ အင်အားက ၂၀ ကျော်လောက်ရှိတယ်။ ကျနော်တို့ပူးပေါင်းတပ်တွေနဲ့ မနက် ၁၀ ခွဲလောက်မှာ ဝင်တိုက်တာ။ ၄ နာရီခွဲထိ ပစ်ခတ်မှုဖြစ်တာဆိုတော့ တိုက်ပွဲကြာချိန်က ၇ နာရီလောက်ပေါ့” လို့ သူကပြောပါတယ်။
အဲ့ဒီထိတွေ့ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး ဒဏ်ရာရတဲ့သူတွေရှိပေမဲ့ ထိခိုက်သေဆုံးတဲ့ အရေအတွက်အတိအကျကိုတော့ မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က ၃ ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲရဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
“သူတို့ဘက်က ၂၀ ကျော်မှာ တော်တော်များများထိခိုက်သေဆုံးကြတယ်။ အရေအတွက်အတိအကျ ကိုတော့ အတည်မပြုနိုင်သေးဘူးဗျ။ ကျနော်တို့ဘက်က ရဲဘော် ၃ ယောက်တော့ ကျည်ရှပ်ထိကြတယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ဘူး”လို့ သူကပြောပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာပြည်သူတွေကို ရမ်းသမ်းပစ်ခတ် ခဲ့တာကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ အလောင်းကိုတော့ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အဲ့ဒီရှေ့က ဖြတ်သွားတဲ့သူတွေကို ဖမ်းတာမဟုတ်ဘူး။ အသေပစ်တာ။ အလောင်းတွေကိုလည်း ပိုက်ဆံနဲ့လာရွေးခိုင်းတယ်။ မရွေးရတဲ့ အလောင်းတွေလည်းရှိသေးတယ်။ သင်္ဂြိုလ်တဲ့ နေရာအထိ စစ်ကောင်စီတပ်သားတွေလိုက်တာ”လို့ သူကပြောပါတယ်။
တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ ပုလောမြို့ဘက်ကနေ ပဝတ်ကုန်းရွာဘက်ကို အင်အားဖြည့်ရန်လာတဲ့ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေသွားလာနေတဲ့ ယာဉ်များအကြား လိုက်ပါလာတာတွေ ရှိနေတာကြောင့် တိုက်ခိုက်မှုတချို့ကို ဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို King Cobra Force (တောကြီးမြွေဟောက်တပ်ဖွဲ့)၊ KPDF , PPDF တပ်ခွဲ(၂) ၊PPDF တပ်ခွဲ(၃)၊ Commando တပ်ဖွဲ့၊ မိုးကြိုးတပ်ဖွဲ့၊ ဟိုင်းလုံ ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂ ရက်နေ့ကလည်း ပဝတ်ကုန်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တောကြီးမြွေဟောက်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅၀ ကျော် သေဆုံးခဲ့ပါသေးတယ်လို့ နယ်မြေခံသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓာတ်ပုံ – တောကြီးမြွေဟောက်