Site icon People’s Radio Myanmar

အပျော်ကြူးမယ့် လတန်ခူး

( သရော်စာ ဆောင်းပါး )

——————————————————

ကိုကျော်ဝဏ္ဏ

“အပျော်ကြူးမယ့် တန်ခူးလချိန်ခါ နှစ်ဦးသင်္ကြန်မဟာ ” လို့ သီချင်းပြောင်းဆိုရမလိုပါပဲ ။ တချို့တွေက တော်လှန်ရေးကြီးကိုမေ့ပြီး တန်ခူးကို အရုပ်ဆိုးအောင် ဖန်တီးကြဖို့ တာဆူနေကြတယ်။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေက အပျော်လိုက် အပါးဆောင်ချင်နေတဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး သင်္ကြန်ကို စည်ကားအောင် ဖန်တီးနေကြတယ်။

မနှစ်က မြစ်ကြီးနားရဲ့ သင်္ကြန်မှာ မဏ္ဍပ်က တစ်ခုတည်းရှိခဲ့ပေမယ့် ကချင်ပြည်သူတွေရဲ့ အပျော်အပါးမက်တာကို တွေ့ရှိသွားတဲ့ စစ်ကောင်စီက ဒီနှစ်သင်္ကြန်မှာတော့ မဏ္ဍပ်ကို ၇ ခုအထိ တိုးပြီး ဆောက်နေတာကို ကျွန်တော်တို့ ပြည်သူတွေ တွေ့မြင်နေရပါတယ်။ ပြည်သူတွေက စစ်ဖိနပ်အောက်မှာ ပျော်ပါးနေကြ သာယာနေကြ အဆင်ပြေနေကြတယ်လို့ ကမ္ဘာကို လိမ်လည်ပြချင်နေတာ ဦးဏှောက်ရှိသူတိုင်း သိပါတယ်။

စစ်ကောင်စီရဲ့အကြံက အထမြောက်သွားမလား ကျရှုံးသွားမလားဆိုတာ ခင်ဗျားတို့တတွေရဲ့အပေါ်မှာ လုံးလုံးသက်ဆိုင်နေပါတယ်။ ကျွန်တော်တို့ပြည်သူတွေက နှစ်ပေါင်းများစွာ စနစ်တကျ ကောက်ကျစ်စဉ်း လဲနေတဲ့ စစ်တပ်နဲ့ ရင်ဆိုင်နေရတာပါ။ ဘောလုံးပွဲကို အနိုင်ရဖို့က ဘောလုံးသမား တစ်ယောက်တည်း ကောင်းနေ တော်နေလို မရပါဘူး။ ဘယ်တောင်ပံ ၊ ညာတောင်ပံ ၊ ရှေ့တန်း ၊ နောက်တန်း ၊ ဂိုးသမား စတဲ့သူတွေက ကိုယ်နဲ့သက်ဆိုင်တဲ့တာဝန်ကို သက်ဆိုင်တဲ့ဖက်ကနေယူပြီး တာဝန်ကျေမှ အနိုင်ရရှိ မှာပါ။ ဒီလိုပါပဲ မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ကို ကြိုးစင် ( ကြင်စိုး ) တင်နိုင်ဖို့က တဦးတယောက် ၊ အဖွဲ့အစည်းတခုတည်းနဲ့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့၊ ခဗျားတို့ တဦးချင်းစီက တာဝန်ကျေမှ ဖြစ်မှာပါ။

တာဝန်ကျေတဲ့သူတွေက ကျေကုန်ကြပါပြီ။ အသက်ပေးပြီး တာဝန်ကျေကြ ၊ အိုးအိမ်ဆုံးရှုံးခံပြီး တာဝန်ကျေကြ ၊ ခြေ၊လက်၊မျက်စိ တွေဆုံးရှုံးခံပြီး တာဝန်ကျေကြ၊ မိသားစုကို စွန့်လွှတ်ပြီး တာဝန်ကျေကြ၊ အလုပ်တွေစွန့်လွှတ်ပြီး တာဝန်ကျေကြနဲ့ ခင်ဗျားတို့ရော ဘာတွေစွန့်လွှတ်ပြီး ဘယ်လို တာဝန်ကျေထားကြပြီလဲ။ ကျွန်တော်တို့ ပြည်သူတွေက မျက်ရည်တွေနဲ့ ဒီပွဲကို ဆက်ကနေကြရတာပါ။ တချိန်က ကခဲ့တဲ့ဇာတ်ကို ပင်ပန်းလာလို့ ရပ်ဆိုင်းလိုက်ရင် ကျွန်တော်တို့ကိုယ်တိုင်နဲ့ ကျွန်တော်တို့ မျိုးဆက်တွေ အာဏာရှင်လက်အောက်မှာ ဆက်ပြီး ပင်ပန်းကြရဦးမှာ မြေကြီးလက်ခတ်မလွဲပါပဲ။

ဆိုတော့က ဒီသင်္ကြန်မှာ ခဗျားတို့လူငယ်တွေ ဘာလုပ်ဖို့ စဉ်စားထားလဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရက လှုံဆော်ထားတဲ့ တော်လှန်သင်္ကြန်ဆိုတာ ဘာသာရေး လူမျိုးရေးကို အရောင်ဆိုးနေတာ မဟုတ်ပါဘူး။ သင်္ကြန်ကို ခုတုံးလုပ် ပြည်သူကို ချနင်းနေတာက စစ်ကောင်စီပါ။ မင်းအောင်လှိုင်ရဲ့ စစ်မိစ္ဆာတပ်ကြောင့် အမျိုးလဲပျက် ၊ ပြည်လဲပျက် ၊ သာသနာလဲညစ်နွမ်း ၊ ဘာသာရေးလဲ ညစ်နွမ်း ၊ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး အစစအရာရာ ဘာတခုမှ အကောင်းကျန်ခဲ့တယ်ဆိုတာ မရှိပါဘူး။

သင်္ကြန်ဆိုတာ မဏ္ဍပ်မှာရေသွားကစားဖို့ မဟုတ်ပါဘူး။ သင်္ကြန်ဆိုတဲ့ ဝေါဟာရက သင်္ကန္တလို့ခေါ်တဲ့ ပါဠိဘာသာ၊ သင်္ကြန္တလို့ခေါ်တဲ့ သက္ကတဘာသာကနေ သက်ဆင်းလာတဲ့ ဝေါဟာရဖြစ်တယ်။ သင်္ကန္တ၊ သင်္ကြန္တဆိုတာ ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရတယ်။ တပေါင်းလမှာ မြန်မာနှစ် တစ်နှစ်ကုန်ဆုံးပြီး နှစ်ဟောင်းကုန်လို့ တန်ခူးလမှာ နှစ်သစ်ကြုံရတဲ့ကာလ၊ နှစ်သစ်ကူးပြောင်းတဲ့ကာလလို့ ဆိုလိုရင်းဖြစ်တယ်။ နွေရာသီရဲ့ အပူဒဏ်ကို သင်္ကြန်ရေနဲ့ အေးမြစေတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောသစ်လွင် တောက်ပသန့်စင်လာစေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ရဲ့ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဆင်နွဲခဲ့တဲ့ နွေဦးတော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ နှစ်ဟောင်းက ပြည်သူတို့ရဲ့ ဘဝအပူဒဏ်တွေကလဲ မအေးနိုင်သေးပါဘူး။ စစ်ဘီလူးတွေ ကြံစည်ထားတဲ့သင်္ကြန်က ဒုက္ခတွေပင်လယ်ဝေနေတဲ့ မြန်မာပြည်သူတွေအတွက်တော့ မသာအိမ်မှာ ပွဲကနေသလိုပါပဲ။

စစ်ကောင်စီရဲ့ သင်္ကြန်မှာ ဝင်ရောက်ဖျော်ဖြေပေးမယ့် အနုပညာရှင်တွေအပါအဝင် အပျော်ကြူးကြမယ့် ပြည်သူတွေဟာ မြန်မာနိုင်ငံအတွက်တော့ မြစ်ချောင်းထဲက အမှိုက်လိုပါပဲ။ မြစ်ချောင်းထဲက အမှိုက်များဟာဆိုရင် အများပြည်သူကို အကျိုးပြုတဲ့ ရေချောင်းတွေကောအောင် ၊ ပျက်ဆီးအောင်၊ မသန့်ရှင်းအောင်၊ ရေကြီးရေလျှံဖြစ်အောင် ဖန်တီးနေကြပါတယ်။ ဒီအမှိုက်တွေကို ပြည်သူတွေက ဝိုင်းဝန်းပြီးဖယ်ရှားမှ မြစ်ချောင်းတွေသန့်ရှင်းပြီး ပြည်သူတွေ ဒုက္ခမရောက်မှာဖြစ်သလို သူများတကာ ကောင်းစားဖို့ကို မနာလို မရှုစိမ့်နိုင်တဲ့ စစ်ကောင်စီအလိုကျ ပျော်ပါးချင်ကြတဲ့ အနုပညာရှင်တွေနဲ့ အခြားသောလူတွေကို ကျွန်တော်တို့ လူအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ကြဖို့ လိုအပ်ပါတယ်။

ရန်သူက ရန်သူပီသပါတယ်။ ရန်သူက သူ့အလုပ်ကို သူလုပ်နေပါတယ်။ ရန်သူနဲ့ ပြည်သူအကြား သရေဆိုတာ မရှိပါဘူး။ သူနိုင် ကိုယ်နိုင် ပြိုင်တဲ့စစ်ပွဲမှာ ခဗျားတို့က အိပ်နေရင် ရန်သူက အသာလေး အနိုင်ယူသွားမှာပါ။

ကျွန်တော်တို့ မြန်မာပြည်သူတွေမှာ နည်းပါးနေတာက အမှတ်သည်းချေနဲ့ ပေါများနေတာက ခွင့်လွှတ် ကျေအေးမှုတွေပါ။ ကိုယ့်အပေါ် ရက်စက်ယုတ်မာနေတဲ့ မင်းအောင်လှိုင်စစ်တပ်အပေါ်မှာတော့ ဒီအားနည်းချက်တွေကို ပြတ်ပြတ်သားသားပြင်ပြီး တော်လှန်ရပါမယ်။

တချို့လူတွေရဲ့ တော်လှန်စိတ်က မှိုလောက်တောင် အသက်အမရှည်ပါဘူး။ နောက်တော့လဲ မခိုင်လုံတဲ့စိတ် ၊ မရဲတဲ့သတ္တိတွေနဲ့ နေသားကျသွားကြတာပါပဲ။ ကချင်မှာ အခုချိန်အထိ တော်လှန်ရေး လုပ်နေတဲ့ အဖွဲ့အစည်း ၊ လူငယ်တွေဆိုတာ လက်ချိုးရေလို့ရတယ်။ နိုင်ငံကို အသက်ကယ်ဆေးထိုးပြီး ဆေးကုနေရချိန်မှာ ဘယ်လိုအတွေး၊ ဘယ်လိုစိတ်ကူး၊ ဘယ်လိုဦးဏှောက်တွေနဲ့များ စစ်မိစ္ဆာတွေ အလိုကျ အတုယောင်ထောင်ချောက် သင်္ကြန်ကို ပျော်ချင်နေကြတာလဲ။

တချို့လူငယ်တွေ အိပ်၊ စား၊ ကာမလောက်ပဲတွေးပြီး လောကမှာအသက်ရှင်နေရင် မင်းအောင်လှိုင် ကျင့်သမျှ ခံရမှာပဲ။ သူ့လက်ခုပ်ထဲကချေးပဲ ၊ သူရှုလိုရှု၊ နမ်းလိုနမ်း၊ စားလိုစား၊ လျက်လိုလျက်ဆိုပြီး ကိုယ့်ကိုယ်ကို ချေးလိုသဘောထားရင်တော့လဲ ခဗျားတို့သဘောပါပဲ။ တချို့လောက်တွေက ချေးထဲမှာပဲ ပျော်တာကိုး။ အတွင်းထဲကလှိုက်ပြီးပုပ်နေတဲ့အနာကို အပေါ်ယံကြည့်ပြီး မကုပဲထားရင် ရိုးတွင်းခြင်ဆီ လိုက်ဖို့ပဲရှိမယ်။ အနာထဲက အနာဆွေး အပုပ်အညှီတွေကို ဖယ်ထုတ်လိုက်ပါမှ အနာပျောက်ဖို့ရှိမယ်။ ဒါ့ကြောင့် ပြည်တွင်းစစ်မီးအပြင် လူနဲ့ လူခြင်း ဖိနှိပ်ခံ ၊ သတ်ဖြတ်ခံ ၊ ညှင်းဆဲခံနေရတဲ့ ဘဝကနေလွတ်မြောက်အောင် စစ်ကောင်စီရဲ့ အပေါ်ယံသကာဆမ်းထားတဲ့ သင်္ကြန်ကို မပါဝင်တာကလဲ စစ်အာဏာရှင်ကို တော်လှန်နည်းတစ်ခုပါပဲ။

ဒါကြောင့် ဒီနေရာကနေပြောချင်တာက စစ်ကောင်စီ စီစဉ်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ လူငယ်တွေအနေနဲ့ သွားရောက်ပျော်ပါးမနေကြဘဲ စစ်အာဏာရှင်ကို တော်လှန်တဲ့အနေနဲ့ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ၊ ကိုယ့်အပေါင်းအသင်း၊ ကိုယ်ချစ်ခင်ရသူတွေနဲ့သာ မြန်မာလူမျိုးတွေ အလေးမြတ်ထားရတဲ့ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန်ကို ဖြတ်သန်းကြပါလို့သာ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

မြန်မာပြည်သူများအားလုံး (မင်းအောင်လှိုင်နဲ့ နောက်လိုက်တသိုက်မပါ) ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန် နှစ်သစ်အခါသမယကစလို့ မိမိဖြစ်ချင်ရာတွေ ဖြစ်ချင်တိုင်း ဖြစ်ကြပါစေလို့ ကျွန်တော်ကိုကျော်ဝဏ္ဏက နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခဗျား။

ကိုကျော်ဝဏ္ဏ

#manauvoice

#သရော်စာဆောင်းပါ

#စစကစသငကြန်

#အပျော်ကြူးမယ့်လတန်ခူး

Exit mobile version