ဧပြီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတဝိုက်၊ အာရှလမ်းနဲ့ ကော့ကရိတ်မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းကို ပိတ်ဆိုထားပေမဲ့ ခရီးသည်တင်ယာဥ်နဲ့ ကုန်ကားတချို့သွားလာမှုတွေရှိနေတယ်လို့ မြဝတီ-ကော့ကရိတ်အာရှလမ်း ကားမောင်းသူတွေထံမှ သိရပါတယ်။
မြဝတီမြို့အနီးတဝိုက် အာရှလမ်းနဲ့ ကော့ကရိတ်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ မဟာမိတ်စစ်ကြောင်း ၁၀ ဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကို ဧပြီလ ၇ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့ထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ ထားပေမဲ့ ကားတချို့သွားလာနေတဲ့အပြင် သွားလာတဲ့ကားတွေကို ပစ်ခတ်မှုတွေ၊ ကုန်ကားတချို့ မီးရှို့ခံရတာတွေလည်း ရှိနေတယ်လို့ ယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
“လမ်းကတော့ ဘယ်လမ်းမှမဖွင့်ဘူး။ ကားလမ်း နှစ်လမ်းလုံးပိတ်ထားတယ်။ အခုကတော့ အာရှလမ်းကနေသွားနေကြတယ်။ ဟိုတနေ့ကဆို ကုန်ကားတစ်စီးကို မီးရှို့လိုက်တယ်။ လမ်းမှာ သွားရင်လဲပစ်တာတွေ ဘာတွေတော့ရှိတယ်။ သူတို့ စာထုတ်ထားတာမသိဘူးလား” လို့ သူက ပြောပါတယ်။
တိုက်ပွဲမဖြစ်ပွားခင် မြဝတီ-ကော့ကရိတ်အာရှလမ်းကို ခရီးသွားလာရာမှာ ခရီးသည်တစ်ယောက်ကို ကားခ ၂ သောင်း ဝန်ကျင်ပေးရပြီး အခုလိုတိုက်ပွဲဖြစ်ပွားပြီးနောက် ခရီးသည် တစ်ဦးကို ၄သောင်း ကနေ ၆ သောင်းထိ ပေးဆောင်နေရပါတယ်။ ဒါ့အပြင်ခရီးသည်တွေ တစ်နိုင်တစ်ပိုင် သယ်ဆောင်ရာမှာ တန်ဆာခမပေးဆောင်ရပေမဲ့ အိတ်ကြီးတွေသယ်ဆောင်တဲ့အခါမှတော့ တန်ဆာခ ၁ သောင်း ကနေ ၂ သောင်း ထိ ပေးဆောင်ရတာတွေရှိတယ်လို့ ခရီးသွားတစ်ဦးကပြောပါတယ်။
“မြဝတီကနေ ဘားအံကိုပြန်လာတော့ ငါးသောင်းပေးရတယ်။ ခြောက်သောင်းပေးရတာတွေလဲရှိတယ်။ အရင်တုန်းကသွားရင်တော့ နှစ်သောင်းပဲပေးရတယ်။ အခုလာတော့ လွယ်အိတ်တစ်လုံးပဲဆိုတော့ ပစ္စည်းမပေးရဘူး။ မျဥ်းကျားအိတ်တွေဆိုရင်တော့ ၁၀၀၀၀ ကနေ ၂၀၀၀၀ ထိပေးရတာတွေရှိတယ်” လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ ကနေစပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် မြဝတီ ယာဥ်မောင်းတွေမှာ ထိုကော်ကိုးလမ်းကိုသာ အသုံးပြုသွားလာနေကြရပြီး၊ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ မဟာမိတ်စစ်ကြောင်း ၁၀ ဖွဲ့က မြဝတီ-ကော့ကရိတ် အာရှလမ်းကို ဧပြီလ ၇ ရက်နေ့ကစပြီး ဧပြီလ ၂၁ ရက်နေ့အထိ အသွားအလာမပြုလုပ်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပေမဲ့ ခရီးသယ်တင်ယာဥ်တွေနဲ့ ကုန်ကားတချို့မှာ နှစ်ဖက်စစ်ရေးအခြေအနေကိုကြည့်ပြီး သွားလာမှုတွေ ရှိနေပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ