ဧပြီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတစ်ဝိုက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့ မတ်လ ကုန်ပိုင်းလောက်ကစပြီး ဒီကနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေတဲ့ကြားက စစ်ကောင်စီတပ်ကဦးဆောင်ပြီး မြဝတီမြို့ထဲမှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ပြုလုပ်ဖို့စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့အနီးနားကျေးရွာဖြစ်တဲ့ မဲကနယ်ကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကစပြီး ဧပြီလ ၈ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာ၊ ရွာသစ်ကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာတွေက ဒေသခံပြည်သူ ၃ ထောင်နီးပါးဟာ မြဝတီမှာရှိတဲ့ဘုန်းကြီးကျောင်း ၄ကျောင်း၊ မဲကနယ်ရွာဦးဘုန်းကြီးကျောင်းနဲ့ ဖားချောင်းဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင် နေကြရပါတယ်။
အခုလိုတိုက်ပွဲတွေကြောင့် မြဝတီမြို့အနီးတစ်ဝိုက်က ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင် နေကြရသော်လည်း စစ်ကောင်စီတပ်က မြဝတီမြို့ထဲမှာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲပြုလုပ်ဖို့ စီစဉ်နေကြပြီး ရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်အငှားတန်းလျားပိုင်ရှင်တွေဆီကနေ အိမ်တန်းလျားတစ်ခုကို ၃သောင်းနဲ့ ရပ်ကွက်ထဲက နေအိမ်တစ်လုံးဆီကို ၅ထောင်စီ လိုက်လံကောက်ခံနေကြတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ပိုက်ဆံလိုက်ကောက်နေကြတာ၊ ရပ်ကွက်ရုံးကလူကြီးတွေက၊ တန်းလျားတွေဆို တန်းလျားပိုင်ရှင်ဆီမှာ သင်္ကြန်အတွက်ဆိုပြီး ၃ သောင်းလာကောက်သွားတယ်၊ လောလောဆယ်တော့ စည်းကမ်းမထုတ်သေးဘူး၊ ပိုက်ဆံဘဲလာကောက်သွားတာ၊ အိမ်တွေဆိုရင်တော့ တစ်အိမ် ၅ ထောင် ပေးရတယ်၊ မြို့ထဲမှာလည်း မဏ္ဍပ်တွေဆောက်နေကြတယ်” လို့ မြဝတီမြို့မှာနေထိုင်တဲ့ အိမ်တန်းလျား ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်ရဲ့ မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြားမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင် နေကြရသော်လည်း စစ်ကောင်စီတပ်က မြဝတီမြို့မှာ အခုလို သင်္ကြန်ပွဲတော်ကို ပြုလုပ်ဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာလည်း မြဝတီမြို့အပြင် ကရင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဘားအံမြို့ရဲ့ ကမ်းနားလမ်းမှာလည်း လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့အတွက် စစ်ကောင်စီတပ်ကဦးဆောင်ပြီး မဏ္ဍပ်တွေတည်ဆောက်နေကာ မဏ္ဍပ်ဆောက်ရာနေရာအနီးနားမှာလည်း အစစ်အဆေးတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေကြတယ်လို့ ဘားအံမြို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ၂၀၂၂ ခုနှစ် မြဝတီမြို့ သင်္ကြန်မဏ္ဍပ်