ဧပြီလ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်နီ (ကယား) ပြည်နယ် ၊ ဒီမော့ဆို အရှေ့ဘက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဘက်တောင်ကြော ပေါ်တွင် စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ် ခမရ-၅၁၃ ၊ ၅၁၇ ပူးပေါင်းအင်အား (၂၄၀) ခန့် နဲ့ KA ၊ KNDF ပူးပေါင်းတပ်တွေကြားမှာ ပြီးခဲ့တဲ့ ဧပြီလ (၄) ရက်နေ့မှစတင်ကာ ဧပြီလ (၅) ရက်နေ့ထိ နှစ်ရက်တာအတွင်းမှာ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
“စကစ ဘက်က တပ်တွေဖြစ်တဲ့ ခမရ (၅၁၃ ၊ ၅၁၇) တပ်တွေက တနီးလာလဲကျေးရွာ အရှေ့ဘက်တောင်ကြောပေါ်မှာ စစ်ကြောင်းထိုးလှုပ်ရှားနေတာပါ။ အင်အားခန့်မှန်းခြေ ၂၄၀ ၊ ၂၅၀ ခန့်လောက်တော့ ရှိလောက်တယ်။ အခုတိုက်ပွဲ ဖြစ်တော့ ၅၁၃ တပ်တော့ ကုန်သွားပီကြားတယ်ခင်ဗျ” လို့ ဒီမော့ဆိုမြို့က ဒေသခံတဦးထံမှသိရပါတယ်။
အဆိုပါ နှစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ (၁၀) ဦးကျော် သေဆုံးကာ ၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNDF B/06 တပ်ရင်းမှ ရဲဘော်ပီတာဘူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ငွေတောင်အခြေစိုက် ခလရ(၁၀၂) တပ်နဲ့ လွိင်ကော်မြို့နယ် အခြေစိုက်တပ်တွေဘက်မှ လက်နက်ကြီးအဆမတန် ပစ်ခတ်ပစ်ကူပေးသလို ဧပြီလ (၄) ရက်နေ့ ညနေ (၃) နာရီကျော်အချိန်တွင် တိုက်လေယာဥ်ဖြင့် (၆) ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ကြေငြာထားပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခမရ (၅၁၇) တပ်ရင်းအမှတ်တံဆိပ်ပါ MA-1 သေနတ် (၂) လက် ၊ MA-3 သေနတ် (၁) လက် ၊ ကျည်ဆံများ ၊ ဆက်စပ်ခဲယမ်းမီးကျောက်များနဲ့ အသုံးအဆောင်ပစ္စည်းတချို့ ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လမှစတင်ကာ ဒီမော့ဆို အရှေ့ဘက်ခြမ်း ၊ ဒေါတမြေး ၊ ဒေါတငူး ၊ တနီးလာလဲ ကျေးရွာတွေအနီးမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ KA ၊ KNDF ပူးပေါင်း တပ်တွေကြားမှာ နေ့စဥ်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိတယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – KNDF