ဧပြီလ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက်ဘက်ခြမ်း ရွှေကုက္ကိုလ်မြို့သစ်အနီးက ကျေးရွာတွေမှာ ကရင်နယ်ခြားစောင့်တပ် BGFနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ တွေအကြား တိုက်ပွဲတွေ ၃ ရက်ကြာ အထိ တိုက်ပွဲတွေပြင်ထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်နေတာကြောင့် စက်သုံးဆီဓာတ်ဆီတွေ ဝယ်မရတော့ဘဲ ပြတ်လပ်နေတယ်လို့ ရွှေကုက္ကိုလ်မြို့သစ်အတွင်း နေထိုင်သူတွေထံမှသိရပါတယ်။
ဧပြီလ ၅ ရက်နေ့မနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေတာမှာ လမ်းတွေပိတ်ထားတဲ့အပြင် ဒေသတွင်းသွားလာနေတဲ့ကားတွေ ဖြတ်သန်းသွားလာခွင့်မပြုဘဲ စက်သုံးဆီ ဓာတ်ဆီတွေကို ဈေးကြီးပေးဝယ်နေရပါတယ်။ ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာလည်း ရွှေကုက္ကိုလ်မြို့သစ်မှာ စက်သုံးဆီ ဓာတ်ဆီတွေဝယ်မရတော့ဘဲ ပြတ်လပ်နေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“အရင် နေ့ကတောင် ဓာတ်ဆီက တချို့နေရာတွေမှာ ဝယ်လိုရသေးတယ်၊ ရေသန့်ဗူးနဲ့ရောင်းတာပေါ့ ဈေးတော့ကြီးတယ်။ ဒီနေ့တော့ ဘယ်မှာမှ ရှာဝယ်လိုမရတော့ဘူး။ တချို့သိတဲ့လူတွေကလဲ ကြိုဝယ်ထားတာတွေလည်းရှိတယ်”လို့ သူကပြောပါတယ်။
တိုက်ပွဲမဖြစ်ပွားခင် ဓာတ်ဆီ ၁ လီတာကို ထိုင်းဘတ်ငွေ ၃၀ ဘတ် ဝန်းကျင်ပေးဝယ်နေရပြီး အခုလို တိုက်ပွဲဖြစ်ပွားပြီးအချိန်မှာတော့ ဓာတ်ဆီ ၁ လီတာကို ထိုင်းဘတ် ၅၀ ဘတ် ကနေ ၈၀ ဘတ်အထိ ဈေးအမျိုးမျိုးနဲ့ ပေးဝယ်နေရကာ ယနေ့ဧပြီလ ၈ ရက်နေ့မှာလည်း ဓာတ်ဆီတွေ ဝယ်ယူလို့ မရတော့တာကြောင့် ဈေးရောင်းဈေးဝယ်ပြုလုပ်ရာမှာ ခက်ခဲလာတယ်လို့ ဒေသတွင်း ဈေးရောင်းသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“၆ရက်နေ့က သွားဝယ်တော့မရှိဘူးဆိုပြီးမရောင်းပေးဘူး။ နောက်နေ့ကျတော့ ဆီတွေ ထုတ်ရောင်းတာရှိတယ်။ စျေးတော့ကြီးတာပေါ့။ တချို့နေရာမှာဆို ဆီ ၁ လီတာကို ၈၀ ဘတ်ထိပါ ပေးရောင်းကြတယ်။ လူတွေကတော့ လိုချင်လို့ပြေးဝယ်ကြတာပေါ့။ ဒီနေ့တော့ ဝယ်လိုကို မရတော့တာ အမကတော့ ဆိုင်ကယ်ဆီထည့်မရလို့ အခုအလုပ်ကိုတောင်နားထားရတယ် ပစ္စည်းတွေလဲ ပို့လို့ အဆင်မပြေတော့ဘူး”လို့ ပြောပါတယ်။
ရွှေကုက္ကိုလ်အနီးကကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွှေကုက္ကိုလ်အပါအဝင် အနီးအနား ကျေးရွာက ဒေသခံတွေမှာ စက်သုံးဆီ ဓာတ်ဆီ၊ ဒီဇယ်ဈေးတွေ ဈေးမြင့်တက်တာတွေ ကြုံတွေ့နေရပြီး ဒေသတွင်းအသွားအလာတွေအပြင် အလုပ်သွားလာရာမှာလဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ အခြေခံစားသောက်ကုန်တွေလည်း ကုန်ဈေးနှုန်းမြင့်တက်မှုတွေရှိလာတယ်လို့ဆိုပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ