ဧပြီလ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ မြဝတီမြို့အနီးတဝိုက် နဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းနီးပါးအတွက် ထိုင်းအာဏာပိုင်တွေမှ Camp စခန်း (၆) ခုအထိ နေရာတွေစီစဥ် ပေးထားသလို ထိုင်းနိုင်ငံ မဲဆောက်အာဏာပိုင်အဖွဲ့ ၊ ဒေသအခြေစိုက် ကြက်ခြေနီအသင်း နဲ့ ထိုင်းအရပ်ဖက်လူမူ ကူညီရေးအသင်းတွေမှ အင်အားရာချီစုဖွဲ့ပြီးတော့ နေထိုင်စားသောက်ရေးတွေ စီစဥ်ပေးနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေထံမှ သိရပါတယ်။
လက်ရှိမှာတော့ ရွှေကုက္ကိုလ်မြို့သစ်အနီးနားမှ ကျေးရွာပေါင်း (၁၅) ရွာခန့်က ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ဦးရေ ပိုမိုများပြားလာကာ ရာဘာခြံတွေ၊ ဂိုထောင်တွေ၊ နွားခြံ နဲ့ ဆိတ်ခြံ တွေထဲရှိ စစ်ဘေးရှောင်တွေကို တစုတစည်းတည်းဖြစ်စေရန် ထိုင်းအာဏာပိုင်တွေမှ စီစဥ်ဆောင်ရွက်ပေးမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။
အဆိုပါစစ်ဘေးတိမ်းရှောင်လာတဲ့သူတွေအထဲမှာမှ ကလေးသူငယ် နဲ့ သက်ကြီးရွယ်အို တွေမှာ ရာသီဥတု ပူပြင်းတဲ့ဒဏ်တွေကို ခံစားနေရတဲ့အပြင် သောက်သုံးရေ၊ အိမ်သာနဲ့ အိမ်သာသုံး ပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးတိမ်းရှောင်သူတွေထံမှ သိရပါတယ်။
“ကျမတို့က ဘာမှယူချိန်မရလိုက်ပဲ ဒီတိုင်းပြေးလာရတာဆိုတော့ အဝတ်အစားအနည်းအကျဥ်းတော့ လိုတာပေါ့။ ကျမတို့ ကူးလာတော့ ထိုင်းစစ်တပ်ဘက်ကကူပေးတာပေါ့ ။ ထမင်းတွေဘာတွေ ကျွေးတာပေါ့နော်။ ဒါပေမယ့် အိမ်သာက (၂) လုံးပဲရှိတယ် ကျမတို့က အစားမစာရဲဘူး အိမ်သာတက်ဖို့အဆင်မပြေလို့ ရေပဲသောက်နေရတယ် ။ အခင်းတွေလည်းလိုတယ် အမတို့ဆို ညဘက်အိပ်တော့ အထဲမှာလူပြည့်နေလို့ အပြင်မှာပဲ ဒီတိုင်းအိပ်လိုက် ကြတယ်” လို့ ရွှေကုက္ကိုလ်မြို့သစ် အတွင်းမှ စစ်ဘေးရှောင်လာသူတဦးက ပြောပါတယ်။
ဒါ့အပြင် မဲ့ဆောက်မှ New Myanmar Foundation ၊ အဝေးရောက်ဧရာဝတီ ၊ ထိုင်းရောက်မြန်မာအဖွဲ့သားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလည်း ရေသန့် ၊ အစား အသောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေသွားရောက် လှူဒါန်းပေးနေတယ်လို့ ၄င်းတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားဖော်ပြချက်အရ သိရပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်အနီး တောင်ကြောတစ်ဝိုက်တွေဘက်ကို ဧပြီလ (၇) ရက်နေ့ မနေ့ကညဘက်အထိ ပစ်ခတ်သံတွေကြားနေရပြီး မတ်လ (၈) ရက်နေ့ ဒီကနေ့မနက်ထိလည်း ဆက်လက်ပစ်ခတ်နေဆဲလို့ သိရပါတယ်။ ကရင်ပြည်နယ်ထဲမှာရှိတဲ့ မြဝတီမြို့ ၊ ကော့ကရိတ်မြို့ ၊ သံတောင် (၁၃မိုင်) မြို့နယ်ခွဲ၊ ကမမောင်းအနီး မိဇိုင်းတောင်ဒေသ ၊ တပ်မဟာ (၅) ဖာပွန်မြို့နယ်၊ ဝေါ်လေ (ကနဲလေး) ၊ ကြာအင်းဆိပ်ကြီးမြို့တွေမှာ နှစ်ဖက်စစ်ရေး တင်းမာမှုတွေဖြစ်ပေါ်နေပြီး ဘားအံနဲ့ လှိုင်းဘွဲမြို့တွေမှာ စစ်ကောင်စီတပ်ဘက်မှ လုံခြုံရေး တင်းကြပ်စစ်ဆေးမှုတွေ ပြုလုပ်နေတာ လည်းဖြစ်ပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – Prapas Rattanawanne