ဧပြီလ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့အရှေ့ဘက်ကမ်းက ကျေးရွာ (၁၅) ရွာခန့်ကို ဖယ်ခုံမြို့ပေါ်အခြေစိုက် စစ်ကောင်စီတပ် ခမရ − ၇ မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒေသခံပြည်သူလုထုကို ပစ်မှတ်ထားကာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ နေ့ရော ညပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၂ ထောက်ပို့ထံမှ သိရပါတယ်။
အခုလိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဧပြီလ (၈) ရက်နေ့အထိ (၃) ရက်တာကာလအတွင်း ဖယ်ခုံမြို့အရှေ့ဘက်ကမ်း ကျေးရွာအနီးနားမှ ဒေသခံပြည်သူတွေမှာ တောင်ယာတွေထဲနဲ့ နီးစပ်တဲ့ ကျေးရွာတွေထဲကို နှစ်ညအိပ် သုံးညအိပ် ခေတ္တခနရှောင်နေကြရသလို ဒေသခံပြည်သူနေအိမ် (၁၀) လုံးကျော် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရ တာလည်း ဖြစ်ပါတယ်။
“ကျေးရွာနာမည်အတိအကျတော့ ကျွန်တော်တိုပြောပြလိုမရဘူးခင်ဗျ ။ စကစ ဘက်က နေ့ရောညပါ လက်နက်ကြီးတွေနဲ့ ပစ်နေတာ ။ သူတိုပစ်ချင်တဲ့အချိန် ထပစ်တာမျိုး ၊ တချို့ကျတော့လည်း တခြားနယ်တွေကို ရှောင်ကြတာများတယ်။ တချို့တွေကဆိုရင် ကိုယ့်ရွာအပစ်ခံရရင် အနီးနားက ရွာတွေကို တစ်ည ၊ နှစ်ညလောက် ဖြစ်ဖြစ် ရှောင်နေကြတယ်။ စစ်ရှောင်ရတာလဲ ခက်ခဲတယ်ဆိုတော့ ဒေသခံတွေက လချီနှစ်ချီပြီး စစ်မရှောင်ချင်ကြဘူး” လို့ Pekhon PDF တပ်ရင်း ၂ ရဲ့ ထောက်ပို့တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်မှ ပြည်သူကို ရန်သူလို သဘောထားဆောင်ရွက်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ မိမိတိုလုံခြုံရေးကို အထူးဂရုစိုက်နေထိုင်ပေးဖို့ကိုလည်း PDF တပ်ရင်းနယ်မြေ တာဝန်ရှိသူတွေမှ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁၁) ရက်နေ့ က ဖယ်ခုံအင်းအရှေ့ဘက်ကမ်းဒေသကို အင်အား (၈၀) ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတခုအား ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်း နဲ့ ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ (၂၈) ဦး သေဆုံး ၊ စစ်သုံပန်း (၆) ဦး နဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းရဲ့ ထုတ်ပြန်ကြေငြာ ထားချက်အရသိရပါတယ်။
သတင်း − မေမီမင်းညို
ဓာတ်ပုံ − CJ