ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေထဲကို မတ်လ ၆ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် တိုက်လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြေင့် လူနေအိမ် ၃၀ ကျော်နဲ့ ပြည်သူပိုင်ပစ္စည်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို People Defense Force- ShweGu ရဲ့တာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီတပ်က တုံးကောက်ရွာကို ဧပြီလ ၆ ရက်နေ့ နေ့လည် ၂ နာရီ ဝန်းကျင်အချိန်မှာ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရွာဦးပိုင်းနဲ့ ရွာအနောက်ပိုင်းက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်မှတက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ နေ့လည် ၃ နာရီလောက်မှာ တုံးကောက်ရွာကို တစ်ကြိမ်၊ ၃ နာရီ ၅မိနစ်နဲ့ ၃နာရီ ၄၅မိနစ် လောက်မှာ စီသောင်ရွာကို ၂ ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တုံးကောက်ရွာက နေအိမ် ၁၀ လုံး ကျော်နဲ့ စီသောင်ရွာက နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ People Defense Force- ShweGu ရဲ့တာဝန်ရှိသူက အခုလိုပြောပါတယ်။
“တုံးကောက်ဖြစ်စဉ်ကကျတော့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ပြီးတော့မှ အရင်တက်တယ်။ ပြီတဲ့နောက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးလာကြဲတယ်ပေါ့။ လက်နက်ကြီးနဲ့ပစ်တဲ့ အချိန်မှာ တုံးကောက်ရွာအနောက်ပိုင်းမှာတချက် ရွာဦးမှာတချက် မီးလောင်တယ်။ ခန့်မှန်းချေကတော့ လောလောဆယ်မှာ ၁၀ အိမ်ထက်မနည်းတော့ မီးလောင်ပျက်စီးတယ်။ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက် မှုမှာတော့ စီသောင်ရွာက တော်တော်လေးပျက်စီးသွားတယ်”လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးလာကြဲတဲ့အချိန် ရွာထဲမှာ ဒေသခံတွေမရှိတဲ့အတွက် ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ မတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့ အချိန်ကစပြီး ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ကျေးရွာ ၁၂ ရွာက ဒေသခံတွေမှာ တောတောင်တွေနဲ့ ဆွေမျိုးတွေရှိရာအရပ်ကို စစ်ဘေးရှောင်နေရတယ်လို့ People Defense Force- ShweGu ရဲ့တာဝန်ရှိသူကပြောပါတယ်။
“ပြည်သူတွေကတော့မရှိဘူး။ မတ်လ ၂၃ ရက်နေ့ ထိတွေ့မှုစဖြစ်ပြီဆိုတဲ့နေ့ကနေစပြီးတော့ စစ်ရှောင်သွားကြတော့ ထိခိုက်မှုကတော့မရှိဘူး။ ဒီဘက်ခြမ်းမှာ ရွာ ၁၂ ရွာ ရှိတယ်။ အဲ့ဒီရွာတွေက ရွာချင်းဆက်ဖြစ်တဲ့အတွက် တစ်ရွာကနေတစ်ရွာကို အချိန်မရွေးပေါက်ရောက်လာနိုင်တယ်။ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်မှုဒဏ်ကိုမခံနိုင်တော့ ပြည်သူတွေက ၂၃ ရက်ကနေစပြီး စစ်ရှောင်သွားကြတာ”လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၊ ခလရ ၇၇၊ ခလရ ၈၈ နဲ့ ထပ်မံအင်အားဖြည့်လာတဲ့ တပ်မ ၆၀၁ တပ်ရင်း နဲ့ ခမရ ၃၁၉ တပ်တို့ စုစုပေါင်း တပ်ရင်း ၅ ရင်း စစ်ကြောင်းထိုးနေပြီး အခုလက်ရှိအချိန်မှာတော့ တုံးကောက်ရွာထဲမှာ အခြေချနေထိုင်နေပါတယ်။
ဧပြီလ ၅ ရက်နေ့ကလည်း အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းတွေက စီသာရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စီသာတိုက်နယ်ဆေးရုံနဲ့ လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – People Defense Force- ShweGu