ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့ ရွှေကုက္ကိုလ်ဒေသရှိ ထီးဝါပလော ၊ ထီးကော်ထောကျေးရွာတွေမှာ စစ်ကောင်စီတပ် နဲ့ BGF တပ်စွဲထားတဲ့ တပ်စခန်းကုန်းတွေကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေမှ ဧပြီလ ၅ ရက်နေ့ မနက် ၅ နာရီခွဲခန့် အချိန်ကစတင်ကာ ဝင်ရောက်စီးနင်းခဲ့တာကြောင့် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ Lion Battalion ဗျူဟာစစ်ကြောင်းထံမှ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တွေအတွက် စီးပွားရေးအရအရေးပါလှတဲ့ ရွှေကုက္ကိုလ်ဒေသမှာ လူကုန်ကူးတဲ့ဂိုဏ်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ မာဖီးယားဂိုဏ်းတွေ လှုပ်ရှားရာနေရာဖြစ်တာကြောင့် Lion Battalion ဗျူဟာစစ်ကြောင်းမှ ဦးဆောင်ကာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
“စကစနဲ့ BGF တွေ ပေါင်းထိုင်နေတဲ့နေရာတွေကို တိုက်ခဲ့တာဖြစ်တယ်ဗျ ။ ပူးပေါင်းထားတဲ့ စကစ ရဲ့ တပ်ရင်း၊ တပ်မကို တော့တိတိကျကျပြောလိုမရသေးဘူး ။ ဘာလိုလဲဆိုတော့ စကစကလည်း BGF ဘတ်တံဆိပ် ကပ်ထားတာကြောင့် သေချာမသိနိုင်ဘူး ။ အများစုကတော့ ဗမာစစ်တပ်ကကောင်တွေ နအဖ ကကောင်တွေ များတာပေါ့နော်” လို့ Lion Battalion ဗျူဟာစစ်ကြောင်းမှ ကိုအညာသားက အခုလိုပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက် ထိခိုက်ကျဆုံးမှုတွေရှိပေမယ့် အခုအချိန်မှာတော့ တိတိကျကျပြောဆို လိုမရသေးတဲ့အခြေအနေဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို နောက်ထပ်လည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း Lion Battalion ဗျူဟာစစ်ကြောင်း နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေ ဘက်မှ တပ်စခန်းကုန်း (၅) ကုန်း ကိုသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဘက်မှ သေဆုံးသူ (၈၅) ယောက်ကျော် ၊ ဒဏ်ရာရရှိသူ (၆၀) ယောက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လက်နက်မျိုးစုံ (၇၅) လက် ကျော်ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို Lion Battalion ဗျူဟာစစ်ကြောင်း မှ ထုတ်ပြန်ကြေငြာထားပါတယ်။
ရွှေကုက္ကိုလ်အခြေစိုက် နာရေးကူညီမှုအသင်းတွေအနေနဲ့ တိုက်ပွဲအတွင်း ကျဆုံးအလောင်း (၁၉) လောင်းကိုသာ မီးသင်္ဂြိုလ်လိုက်တယ်လို့ သိရကာ အထိအခိုက်အကျအဆုံးနဲ့ ပက်သက်ပြီး မြေပြင်အခြေအနေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
လတ်တလောမှာ ရွှေကုက္ကိုလ်စစ်ရေးအခြေအနေနဲ့ ပက်သက်ပြီး စစ်ကောင်စီတပ်ပြန်ကြားရေး သတင်းဌာနဘက်က ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ပက်သက်ပြီး သတင်းထုတ် ပြန်ထားတာမရှိသေး သလို တပ်နယ် ၃ တပ်မှုး ဗိုလ်မှုးကြီး စောချစ်သူ နဲ့ တပ်မဟာ (၇) နယ်မြေက ပြောရေးဆိုခွင့်ရှိသူ ၊ တာဝန်ရှိသူတွေ အနေနဲ့လည်း မှတ်ချက်ပြု ပြောဆိုထားတာမျိုးတွေ မတွေ့ရှိရသေးပေ။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ မှစတင်ကာ ဧပြီလ (၇) ရက်နေ့ ဒီကနေ့အထိ စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF နဲ့ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေအကြားမှာ တိုက်ပွဲတွေဖြစ်ပွား နေတာကြောင့် ရွှေကုက္ကိုလ်အနီးမှာရှိတဲ့ ကျောက်ဖျာ၊ သက္ကာယ၊ သဲပုံနဲ့ ထီးကော်ထော ကျေးရွာအနီး အနားက ဒေသခံပြည်သူ ၆၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ဘေးတိမ်းရှောင်နေရသလို နောက်ထပ်လည်း ထပ်မံစစ်ဘေးရှောင်လာတဲ့သူတွေထပ်ရှိနေသေးတယ်လို့သိရပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – CJ