ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ် အလိုကျ အကျိုးစီးပွားရှာဖွေပေးနေတဲ့ မူးယစ်ဆေးဝါးရောင်းချသူ ဒိုင် ၁ ဦးနဲ့ သုံးဆွဲသူ ၂ ဦးတို့ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့အတူ လက်ဝယ်ဖမ်းဆီးရမိခဲ့တယ်လို့ EDF အဖွဲ့က ဧပြီလ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၅ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာမှာသွားလာနေစဥ် မူးယစ်ဆေးဝါးသုံးစွဲသူ ၂ ဦးကို မသင်္ကာလို့စစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါးဆယ်လုံးကျော်နဲ့ Ice (ခေါ်) ရေခဲအမျိုးအစား မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့တဲ့အပြင် ရောင်းသူဒိုင်ကိုလဲ ထောင်ချောက်ဆင်ဖမ်းခဲ့တာကြောင့် အလုံးတစ်ရာကျော်ဖမ်းဆီး ရမိကာ စုစုပေါင်း WY တံဆိပ်ပါ စိတ်ကြွဆေးပြား ၁၉၀ လုံးနဲ့ Ice (ခေါ်) ရေခဲအပါအဝင် ငွေကျပ် ၇၄၀၀၀ ကျပ် ဖမ်းဆီးရမိခဲ့တယ်လို့ Eastern Defense Force EDF မှ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“ဖမ်းဖို့က ဘာသတင်းမှလဲမရဘူး ကျွန်တော်တို့က လမ်းပိုင်းကို စစ်ဆေးဖို့သွားတာလဲမဟုတ်ဘူး လမ်းပိုင်းမှာဖြတ်သွားရင်း မသင်္ကာလို့စစ်ဆေးရင်နဲ့ တွေ့တာ စစဖမ်းတာကသုံးစွဲသူနှစ် ယောက်ပဲမိတယ် ရောင်းချသူကိုတော့ ထောင်ချောက်ဆင်ပီး ဖမ်းလိုက်တာသုံးစွဲတဲ့သူနှစ်ယောက်မှာက WY ဆယ်ကျော်နဲ ရေခဲနဲ့ဖမ်းမိတာ။ ဒိုင်မှာက တစ်ရာကျော်လောက်မိတာ၊ သူတို့ပြောတာကတော့ စစ်ကောင်စီက ဖြန့်ဖြူးရောင်းချခိုင်းတယ်လို့ပြောတယ်”လို့ သူကပြောပါတယ်။
အခုလိုဖမ်းဆီးမှုကို Eastern Defense Force – EDF၊ က္လားသစ္ဏတ်၊ Dawei Defense Team – DDT(ထားဝယ် ပ.က.ဖ)နဲ့ ထားဝယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းရှာဖွေ ဖမ်းဆီးနိုင်ခဲ့တဲ့အပြင်၊ မူးယစ်ဆေးသုံးစွဲသူ ၂ ဦးနဲ့ ရောင်းသူဒိုင် ၁ ဦးကိုတော့ စစ်တပ်အလိုကျ ရောင်းဝယ် ဖောက်ကားတာတွေမလုပ်ဖို့ သတိပေးထားပြီး နောက်ထပ်မပြုလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းခဲ့ပြီး ဧပြီလ ၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး၊ တရားမဝင်ငွေတွေကိုလဲ စစ်အာဏာရှင်တော်လှန်ရေးအတွက် အသုံးပြုသွားမယ်လို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Eastern Defense Force – EDF