ဧပြီလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့မှာ ဆေးကုသမှုခံယူပြီးအပြန် ဘန်ကောက်မြို့ကိုသွားတဲ့ လမ်းမကြီးပေါ်ရှိ ထိုင်းအာဏာပိုင်တပ်ပေါင်းစုံ စစ်ဆေးရေးကို လမ်းမှားရောက်သွားတဲ့ PDF တပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းအာဏာပိုင် (လ.ဝ.က) တွေက ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်နေ့ ကနေ (၄) ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း နယ်ခြားစောင့်တပ် BGF မြဝတီမြို့လုံခြုံရေးတာဝန်ခံ ဗိုလ်မှုး နိုင်မောင်ဇော်ထံ လွှပြောင်းအပ်နှံလိုက်ရာမှာ ဧပြီလ (၇) ရက်နေ့ ဒီကနေ့မှာ (၃) ယောက်လုံး သေဆုံးသွားပြီး ဖြစ်တယ်လို့ မြဝတီမြို့လုံခြုံရေးတာဝန်ကျ BGF နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် ထံမှသိရပါတယ်။
Lion Battalion ဗျူဟာစစ်ကြောင်း မှ ဒု−စစ်ကြောင်းမှူး ကိုသီဟ (ခ) ဌက်မဲ အသက် (၃၈) နှစ် ၊ Lion Battalion ဗျူဟာစစ်ကြောင်း မှ ဗိုလ်အယ်ဆေးဝါးလက်အောက်က စစ်ကြောင်းအရာခံဗိုလ် ထက်နေဝန်း အသက် (၃၁) နှစ် နဲ့ စည်သူ (ခ) စောဖြိုးလေး အသက် (၂၆) နှစ်အရွယ် တို့ကို ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) အမှတ် (၁) တံတားစစ်ဆေးရေးဂိတ်မှ တဆင့် အင်ကြင်းမြိုင် BGF ဂိတ်ဘက်ကို လွှဲပြောင်းပို့ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ PDF တပ်ဖွဲ့ဝင် ၃ ဦးမှာ ထိုင်း (လ.၀.က) မှတဆင့် အင်ကြင်းမြိုင် BGF ဂိတ် ဘက်ကိုလွှဲပြောင်းနေစဥ် ထွက်ပြေးခဲ့တာကြောင့် နယ်ခြားစောင့်တပ် BGF မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၃ ဦးထဲမှ တဦးမှာ ရင်ဘတ် ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး နောက်တဦးမှာ လက်ကိုကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံးခြင်းမရှိဘူးလို့သိရပါတယ်။ ယင်းနောက် BGF ဗိုလ်မှူး နိုင်မောင်ဇော်ထံ မှတဆင့် စစ်ကောင်စီတပ် မြဝတီအခြေစိုက် ခလရ − ၂၇၅ ထံ အပ်ပြီး မြဝတီစစ်ကြော ရေးမှာပဲ ၃ ဦးလုံး အသက်သေဆုံးခဲ့တာဖြစ်တယ်လို့ မြဝတီမြို့လုံခြုံရေး တာဝန်ကျ BGF နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်ရဲ့ အတည်ပြုပြောဆိုချက်အရ သိရပါတယ်။
“ထိုင်း လ.ဝ.က ကနေတဆင့် အင်ကြင်းမြိုင် BGF ဂိတ်ကို သွန်လိုက်တယ်။ သွန်တဲ့ အချိန်မှာ သူတို့ ၃ ယောက်ထွက်ပြေးတော့ BGF တွေက သေနတ်နဲ့ပစ်ဖမ်းတယ် ဒဏ်ရာရပေမယ့် သေတော့မသေသေးဘူး အဲ့ကနေ BGF ဗိုလ်မှူးနိုင်မောင်ဇော်ဆီပိုပြီး သူကမှတဆင့် မြဝတီအခြေစိုက် စကစ လက်ထဲအပ်လိုက်တာ။ ပြီးတော့ သူတို့ကို မြဝတီစစ်ကြောရေးမှာပဲ သတ်ပစ်လိုက်တာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်အသိုင်းအဝိုင်းဘက်မှ အဆိုပါ PDF တပ်ဖွဲ့ဝင် (၃) ဦးကို မော်လမြိုင်အကျဥ်းထောင်ကို ပိုဆောင်ထားတယ်ဆိုတဲ့ သတင်းအမှားထွက်ပေါ်နေပေမယ့် အမှန်တကယ် သေဆုံးတဲ့ သတင်းကိုတော့ အခုအချိန်ထိ ဆက်လက်ဖုံးကွယ်ထားဆဲဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေမှာ လုံခြုံရေးအခြေနဲ့ပက်သက်ပြီး စိုးရိမ်ကြောင့်ကြမှုတွေ ပိုမြင့်တက် နေတယ်လို့ သိရပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – ထိုင်းသတင်းမီဒီယာ