ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်း ရွှေကုက္ကိုလ်ကျေးရွာအနီးက ထီးကော်ထောကျေးရွာမှာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀ ကျော် ထိုင်းဘက်ကမ်းကို ကူးခွင့်မရဘဲ ပိတ်မိနေတယ်လို့ စစ်ရှောင်ကူညီစောင့်ရှောက်ပေးနေသူ တစ်ဦးက ပြောပါတယ်။
ဧပြီလ ၅ ရက်နေ့က စတင်ပြီး ဧပြီလ ၆ ရက်နေ့ထိ နယ်ခြားစောင့်တပ် BGFနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လက်ညိုးကွေ့၊ ရိက္ခါကုန်းနဲ့ ထီးကော်ထော ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀ ကျော်ဟာ လက်ရှိမှာ ထိုင်းဘက်ကမ်းကို ကူးခွင့်မရပဲ သောင်ရင်းမြစ်ကမ်းဘေးက ရာဘာခြံတစ်ခုမှာ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီ စောင့်ရှောက် ပေးနေသူတစ်ဦးက အခုလိုပြောပါတယ်။
“ကျွန်တော်တို့ကို အခုထိတော့ ထိုင်းဘက်ကမ်းကို မပေးကူးသေးဘူး၊ ဘာလို့လည်းတော့မသိဘူးဗျ အခုလောလောဆယ်တော့ ကျေးရွာ ၃ ရွာ လောက်က ဒေသခံ ၃၀၀ ကျော်လောက်ရှိတယ်၊ ရာဘာခြံ ထဲမှာပဲ နေနေရတယ်” လို့ ပြောပါတယ်။
ယနေ့ ဧပြီလ ၆ ရက်နေ့ မနက်ပိုင်းမှာလည်း ထိုင်းနိုင်ငံက အစားအသောက်တွေလာလှူပေးပြီး သံဃာတော်၊ ကိုရင်နဲ့ သီလရှင် အပါး ၂၀ ကျော်အပြင် ကလေးငယ်၊ အသက်ကြီးရွယ်အိုတွေနဲ့ ရောဂါဝေဒနာသည်တွေပါ ရုတ်တရက် စစ်ဘေးရှောင်လာရတာကြောင့် အစားအစာ၊ အဝတ်အထည်၊ ဆေးဝါနဲ့ နေရာထိုင်းခင်းအတွက် လိုအပ်မှုတွေ ရှိနေတယ်လို့ဆိုပါတယ်။
“ရာဘာတောမှာ လူ ၃၀၀ လောက်ပဲရှိတယ်။ စစ်ဘေးရှောင်တွေထဲမှာ သံဃာတော် ကိုရင် သီလရှင် အပါး ၂၀ ကျော် ရှိတယ်။ ကလေးငယ်တွေနဲ့ အသက်ကြီး ရွယ်အိုတွေ၊ နာမကျန်းတဲ့ သူတွေလည်း ပါတော့ စစ်ဖြစ်တာကြာမယ်ဆိုရင် သူတို့အတွက် လိုအပ်မှုတွေလဲရှိလာမယ်၊ ရုတ်တရက် ပြေးလာတော့ ဘာမှမပါလာဘူး”လို့ သူက ဆက်ပြောပါတယ်။
ဧပြီလ ၆ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်အချိန်မှာလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် နေပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရွှေကုက္ကိုလ်အပါအဝင် အနီးအနားကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ တွေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ လက်ရှိမှာလည်း နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲတွေပြင်းထန်နေတာ ကြောင့် ရွှေကုက္ကိုလ်အနီးတစ်ဝိုက် ဒေသခံတွေ ၄၀၀၀ ကျော် ထိုင်းဘက်ခြမ်းကို စစ်ဘေးရှောင် နေရတာလည်း ဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ