ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ မဲကနယ်ကျေးရွာမှာ ဒီကနေ့မနက် အစောပိုင်းက နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူ ၂၀၀၀ နီးပါး စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။
မဲကနယ်ရွာချောင်းနားမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မဲကနယ်ကျေးရွာနဲ့ သင်္ဃန်းညီနောင် ကျေးရွာတွေက ဒေသခံပြည်သူ ၂၀၀၀ နီးပါးဟာ မဲကနယ်ကျေးရွာမှာရှိတဲ့ မင်္ဂလာရွာဦး ဘုန်းကြီးကျောင်းနဲ့ မြဝတီမြို့မှာရှိတဲ့ ဘုရားကြီး ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရ ပါတယ်။
လက်ရှိမှာ ဒေသခံ ၂၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရတာကြောင့် စစ်ဘေးရှောင်တွေအတွက် အစားအသောက်အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက အခုလို ပြောပါတယ်။
“ဒီမှာ ပရဟိတအဖွဲ့တွေနဲ့ ပေါင်းပြီးတော့ လှူနေတာဘဲ တောက်လျှောက်၊ လူတွေကများတော့ ရွာထဲမှာ ကျန်နေတဲ့လူတွေအတွက်လည်း လိုက်ပို့နေရတာပေါ့ ၊ အဓိကကတော့ အစားအသောက်ပေါ့၊ ဒီနေ့ဆိုလို့ရှိရင် ပိုများဖို့ရှိတယ်၊ အလှူရှင်ကတော့ အများကြီးလိုတယ်၊ မဲကနယ်နဲ့ သင်္ဃန်းညီနောင်ကတော့ မြဝတီ မြေနီကုန်းမှာရယ်၊ မြိုထဲက ဘုရားကြီး ဘုန်းကြီးကျောင်းနဲ့ ဘုန်းကြီးကျောင်းတော်တော်များများမှာ ခွဲပြီးတော့ ပျံ့တာပေါ့၊ အများကြီးဘဲ” လို့ စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောပါတယ်။
မဲကနယ်ကျေးရွာမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာထဲမှာလည်း ပိတ်မိနေသူတွေ ရှိနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ထပ်မံရှိလာနိုင်သေးတယ်လို စစ်ဘေးရှောင်ကူညီနေသူ တွေက ပြောပါတယ်။
လက်ရှိအချိန်မှာလည်း မဲကနယ်အပြင် ရွှေကုက္ကိုလ်မှာလည်း ဧပြီလ ၅ ရက်နေ့ကစပြီး ဒီကနေ့မနက်ပိုင်းအထိ စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ရွှေကူက္ကိုလ်အနီးမှာရှိတဲ့ ကျောက်ဖျာ၊ သက္ကာယ၊ သံပုံနဲ့ ထီးကော်ထောကျေးရွာတွေက ဒေသခံပြည်သူ ၄၀၀၀ ကျော် စစ်ဘေးတိမ်းရှောင် နေရတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ