ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ စစ်အုပ်ချုပ်ရေးဒေသဖြစ်တဲ့ ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့တိုင်းနီးပါး ဖမ်းဆီးတာတွေနဲ့ အစစ်အဆေးတင်းကျပ်တာတွေကို လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေမှာ သွားလာရေးခက်ခဲနေပြီး ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ပုလောဒေသခံတဦးကပြောပါတယ်။
ပုလောမြို့နယ်မှာ မတ်လ ၂၉ ရက်နေ့ နဲ့ ဧပြီလ ၁ ရက်နေ့မှာ ပုလောတံတားက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်နဲ့ ပုလောမြို့နယ်ရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က အစစ်အဆေးတင်းကျပ်နေပြီး ဖမ်းဆီးတာတွေကိုပါ လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီတပ်က အခုလို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ဆောင်နေတာကြောင့် ပုလောမြို့ ပေါ်က ဒေသခံတွေမှာ သွားလာရေး ခက်ခဲ့နေပြီး စားနက်ပြတ်လက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေကိုပါ လုပ်ဆောင်နေတာကြောင့် ပုလောမြို့ပေါ်က ဒေသခံ အယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာက အမျိုးသား ၇ ဦး ကိုလည်း PDF လို့ စွပ်စွဲကာ ဖမ်းဆီးသွားခဲ့ပါတယ်။ အဖမ်းခံရတဲ့သူတွေထဲက ပုလောမြို့ပေါ်က ၂ ယောက်နဲ့ ရှပ်ပုံရွာက ၃ ယောက် ပြန်လွတ်လာတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပုလောမြို့မှာ နေရာအနှံ စစ်ဆေးတင်ကျပ်ပြီး အဖမ်းဆီးက နေ့တိုင်းရှိနေတယ်ဆိုတော့ အကြောက်တရားအရမ်းများနေပြီး။ ဟိုတလောကဆိုရင် ဒရုန်းနဲ့ တံတားက စစ်ဆေးရေးဂိတ်ကိုဗုံးကြဲခံရတယ်။ ပြီးတော့ တံတားဒီဘက်က လူအယောက် ၂၀ ကျော်ကို ဖမ်းသွားတယ်။ အခုတော့ ၂ ယောက်ပြန်လွတ်လာပြီး။ ကျန်တဲ့လူတွေကိုတော့ ဒရုန်းနဲ့ ဗုံးကျဲတဲ့လူတွေကို ဖမ်းမိမှ ပြန်လွတ်ပေးမယ်လို့ပြောတယ်” လို့ သူကပြောပါတယ်။
ပုလောမြို့နယ်မှာ ဆန်သယ်ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် ဆန်ဝယ်ယူတဲ့အချိန်ဆိုရင် ရပ်ကွက် ထောက်ခံစာရှိတဲ့သူတွေသာဝယ်လိုရပြီး လက်ရှိမှာလည်း ထောက်ခံစာတွေရှိရင်တောင် တယောက်ကို ဆန် ၃ ပြည်ထက် ပိုသယ်ယူခွင့်မရှိဘူးလို့ ပုလောမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်ကထောက်ခံစာနဲ့ဝယ်လိုရသေးတယ်။ ဟိုနေ့ကဆိုရင် ဟိုဘက်ဒီဘက် ထောက်ခံစာရှိတာ တောင်မှ ဝယ်လိုမရဘူး။ ဆန် ၃ ပြည်ထက်ပိုသယ်တာတွေ့ရင် အဲ့ဒီလူရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်မယ်လို့ ကြော်ငြာကပ် ထားတယ်”လို့ သူကဆက်ပြောပါတယ်။
ပုလောမြို့နယ်က ကျေးရွာဘက်တွေကို ရိက္ခာတွေသယ်ယူတဲ့အချိန်မှာလည်း စစ်ကောင်စီတပ် စစ်ဆေးရေး ဂိတ်တွေက အတင်းအကြပ်စစ်ဆေးတာတွေရှိနေပြီး ပစ္စည်းသိမ်းခံရမှုတွေပါ ရှိနေတာကြောင့် ကျေးရွာနေ ပြည်သူတွေမှာလည်း ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။
ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကတည်းက ဆန်နဲ့ရိက္ခာသယ်သူခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားပြီး စစ်အုပ်ချူပ်ရေးကြေငြာပြီးတဲ့အချိန်မှာတော့ အရင်ကထက်ပိုပြီး ခက်ခဲလာခဲ့ပါတယ်။
သတင်း -နော်အယ်နီး
ပုံ- CJ