ဧပြီလ ၆ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်နီ (ကယား) ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒီမော့ဆိုမြို့နယ် ၊ လွိင်ကော်မြို့နယ် ၊ ဖရူဆိုမြို့နယ် ၊ ရှားတော မြို့နယ်တွေမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀,၀၀၀ ဝန်းကျင်အတွက် နေထိုင်ဖို့ ယာယီတဲတွေအပြင် အဝတ်အထည်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ များစွာ လိုအပ်နေတယ်လို့ ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ထံမှ သိရပါတယ်။
ယာယီတဲတွေတည်ဆောက်နိုင်ဖို့အတွက် တာလပတ်၊ မိုးကာ နဲ့ ဝါးတွေကအစ လိုအပ်နေတယ်လို့ သိရပါတယ်။ အရေးပေါ်ပြေးရတဲ့ စစ်ဘေးရှောင်တွေကို ကားတွေငှားပြီး သယ်ယူပို့ဆောင်ရေးကိစ္စရပ်နဲ့ သက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းတာဝန်ရှိသူတွေနဲ့ချိတ်ဆက်ပြီး နေရာချထားရေးကိစ္စရပ်တွေကိုပါ ဆောင်ရွက်ပေးနေတယ်လို့ ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“ဘာမှမပါပဲအရေးပေါ်ပြေးလာရတဲ့သူတွေအတွက် နေရာထိုင်ခင်း ၊ အမိုးအကာ၊ အဝတ်အစား ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေက အစလိုအပ်နေပါတယ်။ ကျွန်တော်တို့ဆီကိုလာရောက်လှူဒါန်းထားတဲ့ စားနပ်ရိက္ခာတွေကို တဆင့် ပြန်လည်ကူညီလှူဒါန်းပေးပါတယ်။ အခုထိလည်း ဆက်လက် လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။
KHAI အနေနဲ့ ဒီမော့ဆိုအနောက်ဘက်မှာ ဆေးခန်းတစ်ခုဖွင့်လှစ်ထားပြီး လွိုင်ကော် အရှေ့ဘက်ခြမ်းမှာလည်း ဆေးခန်းတစ်ခုဖွင့်ထားသလို နယ်လှည့်ဆေးကုသမှုအစီအစဥ်တွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေအတွက် ရာသီဥတုနဲ့ ရေရှားပါးမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါတွေအတွက်လည်း လိုက်လံဆေးကုသမှုပေးနေတာလည်းဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေအတွက် ကူညီပေးတဲ့အဖွဲ့အစည်းတွေများစွာ ရှိနေပေမယ့်လည်း တခါမှ လုံလောက်တယ်ဆိုတာမျိုးမရှိပဲ လိုအပ်ချက်တွေကတော့ များစွာရှိနေဆဲပဲဖြစ်ပါတယ်။ ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ လာရောက် အကူအညီတောင်းခံထားတဲ့သူတွေလည်း များစွာရှိနေတဲ့အတွက် ပြည်သူတွေ အနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီ ပေးဖို့ကိုလည်း KHAI မှ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ မတ်လ တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ KA ၊ KNDF ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲပေါင်း (၁၀၂) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတိုကြောင့် အရပ်သားပြည်သူ နေအိမ် (၂၂၈) လုံး မီးလောင်ပျက်စီးခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းနဲ့ စာသင်ကျောင်း (၃) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေး ဌာနမှ ထုတ်ပြန်ကြေငြာထားပါတယ်။
သတင်း − မေမီမင်းညို
ဓါတ်ပုံ – KHAI