ဧပြီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ပိုင်း ပူလွဲပူကျေးရွာအုပ်စု ရွှေကုက္ကိုလ်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်BGFနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
ဧပြီလ ၅ ရက်နေ့ မနက်အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တွေ နေထိုင်ရာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ကျေးရွာအတွင်းက ဒေသခံပြည်သူတွေလဲ သောင်ရင်းမြစ်ကမ်းဘေးနဲ့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ရွာနဲ့နီးလာပြီး အခြေအနေစောင့်ကြည့်နေရတယ်။ အခုဆိုရွာထဲမှာလူတောင်မရှိတော့ဘူး။ အခု လေယာဥ် ၂ စီ နဲ့လာပစ်နေတယ်။ ရွှေကုက္ကိုလ်အဝက်အထွက်တွေလဲပိတ်ထားလိုက်ကုန်ပြီး ။ပြေးတဲ့ သူတွေကလည်း သောင်ရင်းမြစ်ကမ်းဘက်ကိုလဲပြေးတယ်၊ သူတို့လွတ်ရာကိုပြေးကြတာပေါ့” လို့ပြောပါတယ်။
နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေဟာ ရွှေကုက္ကိုလ်အဝင်အထွက်ကို ပိတ်ဆိုထားတာတွေ ပြုလုပ်နေတဲ့အပြင် စစ်ကောင်စီတပ်ဘက်မှ လေယာဥ်တွေနဲ့ ပစ်ခတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ရွှေကုက္ကိုလ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် မြဝတီမြို့အထွက် သင်္ဃန်းညီနောင်၊ မဲကနယ်ဖားချောင်း ကျေးရွာအတွင်းမှာလဲ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာမှုတွေရှိနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလဲ ဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ