ဧပြီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့ ၁၅ ရက်ကြာတိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် မတူပီမြို့နယ်ထဲက ကျေးရွာ ၅ ရွာက ဒေသခံစစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော် အခက်အခဲနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ Chinland Defence Force-Matupi ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၂၀၂၃ ခုနစ် မတ်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာပိုယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေး တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီလောက်မှာ မတူပီ-ပလက်ဝလမ်းပိုင်း ကလားကျေးရွာရှိ အိမ်ခြေ ၃၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Chinland Defence Force-Matupi ရဲ့ပြောရေးဆိုခွင့်ရှိသူက အခုလိုပြောပါတယ်။
“မတ်လ ၂၀ ရက်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ကတော့ အခုချိန်ထိတိုက်နေတုန်းဘဲ။ အိမ်ခြေ ၃၀ လောက်တော့ မီးရှို့ခံထားရတယ်။ မီးရှို့ခံထားရတာက ကလားကျေးရွာ ၂၂ မိုင်ပေါ့ ကလားကျေးရွာအပေါ်ရွာ၊ အောက်ရွာ အကုန် စုစုပေါင်း အိမ်ခြေ ၄၅ အိမ် ရှိတယ်။ ၃၀ လောက်မီးရှို့ထားတယ်။ ၁၅ အိမ်လောက်ဘဲကျန်ရှိတာပေါ့”လို့ သူကပြောပါတယ်။
အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေမှာ နေရေထိုင်ရေး၊ စားရေးသောက်ရေးပြဿနာနဲ့ ကျန်းမာရေး ပြသနာတွေကို ရင်ဆိုင်နေရပြီး ဝမ်းပျက်ဝမ်းလျှောနဲ့ ကျန်းမာရေးမကောင်းဖြစ်နေတဲ့သူတွေ အများအပြားရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးကပြောပါတယ်။
“အခုစစ်ရှောင်တဲ့သူတွေကတော့ ၁၀၀၀ ကျော်ရှိတယ်။ ခက်ခဲတာကတော့အရမ်းခက်ခဲကြတယ်။ ဝမ်းပျက်ဝမ်းလျှောတာတွေရှိတယ်။ နေမကောင်းတဲ့သူတော်တော်များတယ်။ စစ်ကြောင်းထိုးတဲ့နေရာနဲ့ နီးလာတော့ ကူညီထောက်ပံ့မှုက အရမ်းအခက်အခဲဖြစ်တယ်။ အဓိကတော့ စားရေးသောက်ရေးနဲ့ ဆေးဝါးအရမ်းလိုအပ်နေတယ်။ အခုက မိုးလည်းရွာလာတော့ သူတို့ အရမ်းအခက်အခဲ ဖြစ်ကြတယ်” လို့သူကဆက်ပြောပါတယ်။
အခုလက်ရှိတိုက်ပွဲကြောင့်စစ်ဘေးရှောင်နေရတဲ့ကျေးရွာတွေကတော့ တွီးရှစ်ရွာ၊ ဝလံပီးရွာ၊ ကလားရွာ၊ ဝလံတဲရွာ၊ လေဆင်းရွာတို့ဘဲဖြစ်ပါတယ်။
သတင်း-နော်အယ်နီး
ပုံ- Chinland Defence Force-Matupi