
ဧပြီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမ်းနားလမ်းမှာ စစ်ကောင်စီတပ်ကဦးဆောင်ပြီး လမ်းလျှောက်သင်္ကြန် ပြုလုပ်ဖို့ စီစဥ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလ ၁၃ ရက်နေ့မှာ ကျရောက်မှာ မြန်မာရိုးရားမဟာသင်္ကြန်ကို အရင်က ဌာနဆိုင်ရာ ဗဟိုမဏ္ဍပ်တွေကို ဘားအံကမ်းနားလမ်းက Welcome to Hpa-An နားမှာ တည်ဆောက်ထားပြီး နောက်ပိုင်းမှာတော့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားမှာကို ကြောက်တာကြောင့် စစ်ကောင်စီတပ်က ကမ်းနားလမ်းညဈေးရှေ့က ဘောလုံးကွင်းထဲကို ပြောင်းရွှေ့တည်ဆောက်လိုက်တာလည်းဖြစ်ပါတယ်။
အခုချိန် ဘားအံကမ်းနားလမ်းမှာ ရပ်ကွက်သင်္ကြန်မဏ္ဍပ်ပုံစံ ၉ ခုတည်ဆောက်ထားပြီး လမ်းလျှောက် သင်္ကြန်ပုံစံပြုလုပ်ဖို့စီစဉ်ထားတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ကမ်းနားစျေးကို သကြန်တွင်း ပိတ်မယ်တဲ့၊ ကမ်းနားတစ်လျှောက် ဟိုဖက် ထိပ်နဲ့ ဒီဘက်ထိပ်ပိတ်ပီး လမ်းလျှောက် သကြန်လုပ်မှာတဲ့၊ ကား ဆိုင်ကယ် ဘာမှပေးမဖြတ်ဘူးတဲ့၊ အခု ဆောက်ထားတဲ့ စင်တွေကကြည့်ရတာ ရပ်ကွက် မဏ္ဍပ်ပုံစံတွေ၊ ကြည့်ရတာတော့ ရပ်ကွက်အလိုက် မထွက်မနေရ ထင်တာပဲ၊” လို ဘားအံမြို ဒေသခံတစ်ဦးက ပြောပါတယ်။
၂၀၁၉ ခုနှစ်မှာ Covid-19 ရောဂါဖြစ်ပွားခဲ့တာကြောင့် သင်္ကြန်ပွဲတော် ကျင်းပခြင်းမရှိတော့ဘဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး စစ်ကောင်စီတပ်ကဦးဆောင်ကာ သင်္ကြန်ပွဲတော်ကိုပြန်လည်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်ရဲ့ မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲတွေ့ကြား နှစ်ဖက်စစ်ရေးတင်းမာတာတွေရှိနေပေမဲ့ ဘားအံမြို့မှာတော့ အခုလို သင်္ကြန်ပွဲတော်ကျင်းဖို့စီစဥ်နေတာကြောင့် ဒေသခံတွေဆီကနေ ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းမှာလည်း မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီတပ်က ဦးဆောင်ပြီး ပြုလုပ်ဖို့ စီစဥ်နေကြတယ်လို့ ဒေသခံတွေကပြောတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ