ဧပြီလ ၅ ရက်၊ ၂၀၂၃ ခုနှစ်
စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်မှာ မတ်လအတွင်း စစ်ဘေးရှောင်ပြည်သူ ၃၀၀၀၀ အထိ ရှိလာတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်တွေ အထောက်အကူပြုရေးအဖွဲရဲ့ တာဝန်ရှိသူကပြောပါတယ်။
ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်က ပုလောမြို့နယ်ထဲရှိ ကျေးရွာတွေက နေအိမ်တွေ မီးရှို့ခဲ့တာကြောင့် ပုလောမြို့နယ်အတွင်းက ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ကျော်ထိတိုးလာတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်တွေ အထောက်အကူပြုရေးအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။ အလားတူ တနင်္သာရီမြို့နယ်မှာလည်း ပြီးခဲ့တဲ့လက စစ်ဘးရှောင်ဦးရေ ၈၀၀ ကျော်ရှိတယ်လို့ သူကဆက်ပြောပါတယ်။
“ပုလောမှာဆိုရင် အများစုစစ်ဘေးရှောင်နေရတဲ့သူတွေကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကပေါ့ မီးရှို့ခံရတဲ့ရွာတွေကနေပြီးတော့ စစ်ရှောင်တွေတိုးလာတယ်ပေါ့နော်။ စစ်ရှောင်၂၀၀၀၀ ကျော်ထိ တိုးလာတယ်။ အဲ့ဒီမတိုင်ခင်က စစ်ရှောင်စခန်းတွေမှာ နေကြတဲ့စစ်ရှောင်တွေက ၂၆၀၀ နီးပါးလောက် ရှိတယ်။ မီးရှို့ခံရတဲ့ အဖြစ်အပျက်တွေပြီးမှာတော့ ၂၀၀၀၀ ကျော်ကျော်လောက်ထိဖြစ်လာတယ်” လို့သူကပြောပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေမှာ ကလေးသူငယ်တွေ၊ အသက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီတဲ့သူတွေ ရှိပေမဲ့ ရိက္ခာနဲ့ဆေးဝါးသယ်ယူဖို့ လမ်းကြောင်းအခက်အခဲတွေရှိနေသလို့ တောတောင်တွေထဲမှာ နေရတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ကျန်းမာရေးအခက်အခဲတွေလည်းရှိလာပါတယ်။ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့နေနဲ့ ကိုယ်ဝန်ဆောင်၊ အသက်ကြီးရွယ်အို တွေနဲ့ ကလေးသူငယ်အရေအတွက်ကိုတော့ အတိအကျအတည်ပြုနိုင်တာ မရှိသေးဘူးလို တာဝန်ရှိသူက ပြောပါတယ်။
“လိုအပ်ချက်လို့ပြောတဲ့အခါမှာတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်ချက်တွေ အင်မတန်များတယ်ဗျ။ စားနပ်ရိက္ခာကျတော့ ကူတဲ့သူတွေရှိပေမဲ့ တခါတလေကျတော့ သွားပြီးထောက်ပံ့ပေးဖိုအတွက်နဲ့ ရိက္ခာတွေသယ်ယူဖို့အတွက်ကို စစ်ကောင်စီဘက်ကလမ်းကြောင်း တွေပိတ်ထားတဲ့အနေအထားတွေ ရှိတယ်ပေါ့နော်။ နောက်တခုက အချိန်အားဖြင့်ကြာလာတာနဲ့အမျှပေါ့နော် တောတောင်တွေထဲလည်း နေရတာရှိတဲ့အတွက်ကြောင့်မို့လို့ ကျန်းမာရေးအခက်အခဲတွေလည်း ကြုံရတာမျိုးတွေ့ရတယ်” လို့ သူကဆက်ပြောပါတယ်။
တနင်္သာရီမြို့နယ်မှာလည်း အခုတစ်ပတ်အတွင်း ပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင် နေရပါတယ်။
သတင်း -နော်အယ်နီး
ဓါတ်ပုံ – Dawei Watch