ဧပြီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
၂၀၂၃ ခုနှစ် ၊ မတ်လ အတွင်း ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း ၊ လက်နက်ကြီးပစ်ခတ်တိုက်ခြင်း နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ နေအိမ်ပျက်စီးမှုရှိခဲ့တဲ့အပြင် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနထံမှ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ်လ (၁) လအတွင်း အရပ်သား ပြည်သူ (၅) ဦး သေဆုံးခဲ့ပြီး (၂၉) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါစစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်စီးမှု ၊ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နေအိမ် (၂၂၈) လုံး မီးလောင်ပျက်စီးခဲ့ရပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၂) ကျောင်း နဲ့ စာသင်ကျောင်း (၃) ကျောင်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
မတ်လ တစ်လတာအတွင်း ကရင်နီပြည်နယ် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF ပူးပေါင်း တပ်တွေအကြားမှာ တိုက်ပွဲပေါင်း (၁၀၂) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂၈၁) ဦးသေဆုံးကာ ၊ (၈၀) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို (၁၃) ဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်း KNDF မှ ရဲဘော် (၁၂) ဦးကျဆုံးခဲ့တယ်လို့ KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနမှ ထုတ်ပြန်ကြေငြာထားပါတယ်။
စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု (၆၆) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကရင်နီပြည်နယ်အတွင်း ရဟတ်ယာဥ် ဖြတ်သန်းပျံသန်းမှု အကြိမ်ရေ (၅၂) ကြိမ်ထက်မနည်း ဖြတ်သန်းသွားလာခဲ့ပါတယ်။ အဆိုပါ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ် (၅၁) လက်၊ လက်နက်ကြီး (၉) လက် နဲ့ ခဲယမ်းအမြောက်အများအပြင် ဆက်သွယ်ရေးစက်တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားလျက်ရှိနေတယ်လို့လည်း သိရပါတယ်။
သတင်း − မေမီမင်းညို
ဓါတ်ပုံ – KNDF