ဧပြီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်အတွင်းက အင်းလယ်ကြီးရွာကို စစ်ကောင်စီတပ်တွေ ဧပြီလ ၃ ရက်နေ့ ညနေ ၄ နာရီအချိန်စပြီး စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအင်အား ၁၀၀ ခန့်ဟာ ကန့်ဘလူကနေ ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ၅ ကြိမ်ခန့်ပစ်ခတ်ခဲ့ပြီး ကျေးရွာတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ဥာဏ်အင်း ရွာကိုမီးရှို့ပြီး ကျွန်တော်တိုရွာဘက်လာတာဗျ။ သူတို့ကရွာလမ်းတိုင်း အိမ်တိုင်းနီးပါး မွေနှောက်ပြီး လိုချင်တာယူသွားနေကျတာ။ ပြည်သူတွေကိုတော့ ရွာထဲမဝင်ခိုင်းသေးဘူး။ မိုင်းကြောက် ရတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် ဧပြီလ ၄ ရက်နေ့ မနက် ၄ နာရီအချိန်မှာလဲ ကျေးရွာထဲကနေအိမ်တွေကို ထပ်မံမီးရှို့ခဲ့တဲ့အပြင် ပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကိုလဲ မွှေနှောက်ယူဆောင်သွားပြီး မနက် ၇ နာရီအချိန်မှာတော့ ကျေးရွာအတွင်းကနေ ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
အင်းလယ်ကြီးရွာက ဒုတိယအကြိမ်မီးရှို့ခံရပြီး လက်ရှိမှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ခြေ အရေအတွက်ကိုတော့ မသိရှိရသေးပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ စစ်ကောင်စီတပ်က နေအိမ် ၈၀၀ ကျော်ရှိတဲ့ အင်းလယ်ကြီးကျေးရွာကို ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၆ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ