ဧပြီလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်က ညဘက်တွေ ရပ်ကွက်ထဲဝင်ပြီး ဧည့်စာရင်းလိုက်စစ်ကာ လူငယ်တွေကို ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီ−ကော့ကရိတ်အာရှလမ်းမှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီး နောက်ပိုင်း စစ်ကောင်စီတပ်က အခုလို ဧည့်စာရင်းစစ်တာတွေ လိုက်လံပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေက ညဘက်တွေမှာ ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အပြင် မြို့ထဲမှာလည်း ကင်းပတ်နေပြီး ဧည့်စာရင်းစစ်တာတွေကို လိုက်လံဖမ်းဆီး တာတွေကိုပါ ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“နေ့လည်ပိုင်းက အဆင်ပြေတယ်၊ မနေ့ညနေက အလုံးကြီးတွေလည်း အိမ်နားကိုကျတယ်၊ ညပိုင်းဆို ဖုန်းတွေစစ် ဧည့်စာရင်းစစ်တာတွေလုပ်နေတယ်၊ ညကလည်း တစ်ညလုံး ကင်းပတ်နေတယ်၊ မြို့ထဲမှာ ဖမ်းခံထိတဲ့လူနှစ်ယောက်ရှိတယ်လိုကြားတယ်” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ကော့ကရိတ်မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ကျေးရွာတွေဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိနေပြီး ဒေသခံထိခိုက်ဒဏ်ရာရတာ တွေ ရှိနေတာလည်း ဖြစ်ပါတယ်။
အခုချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာမှုတွေရှိနေပြီး ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးတစ်ဝိုက်မှာလည်း စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့တပ်စွဲထားပြီး အစစ်အဆေးတင်းကြပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ