ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ရိုးမဟာရွာမြေနီးကုန်းအပိုင်းကို ဧပြီလ ၃ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီသားသားတွေဟာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းကို ကား ၃ စီး နဲ့ ဝင်ရောက်လာကာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အိမ်ရှေ့က ဆိုင်ကယ်ပြင်ဆိုင် ထဲမှာရှိနေတဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ ကျေးရွားအတွင်း နေထိုင်သူအမျိုးသမီး ၁ ဦး က ပြောပါတယ်။
“ရွာထဲကိုဝင်လာတဲ့အချိန် သေနတ်တွေနဲ့ပစ်တော့အကုန်လုံးက ပြေးပုန်းကြတယ်။ ဘယ်တပ်ကမှန်း မသိလိုက်ဘူး။ ကလေးကအပြင်သွားနေတဲ့ သူ့အဖေကို ဆိုင်ထဲမှာထိုင်စောင့်နေရင်း စစ်ခွေးတွေက ရမ်းသမ်းပစ်တော့ထိသွားတာ”လို့ သူကပြောပါတယ်။
သေဆုံးသူမှာ အသက် (၁၂) အရွယ် စောဝေသာလီထွန်းဖြစ်ပြီး ပေါင်မှာကျည်ထိမှန်ခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ လမ်းမှာပဲသေဆုံးခဲ့ပါတယ်။။ ဧပြီလ ၂ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်အချိန်မှာလဲ ငါးတိုင်ရေပူကျေးရွာကို ခမရ ၅၄၆ တပ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးကြီးတစ်ဦး ဗိုက်မှာဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံနေရတယ်လို့သိရပါတယ်။
ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လအထိ စစ်ဘေးရှောင်ဦးရေ ၅ သိန်းကျော်ရှိပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၈၄၁ ဦးနဲ့ သေဆုံးသူ ၅၂၂ ဦးထိရှိလာပြီးဖြစ်တယ်လို Karen Women’s Organization−KWO ရဲ့ စာရင်းတွေအရ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ