ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လှိုင်ဝအမြှောက်ကုန်း နဲ့ ခလရ ၉၇ ကနေ ကော့ကရိတ်မြို့ အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေမှာ လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိတာတွေ ရှိနေပါတယ်။
ကော့ကရိတ်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ကော့ကရိတ်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေတာပါ။
အခုလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကော့ကရိတ်မြို့နဲ့ အနီးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုတွေလည်း ရှိလာတယ်လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“သူတို့က ညတိုင်း အဆက်မပြတ်ပစ်တာ၊ တစ်ခါတစ်လေ နေ့လည်ပိုင်းလည်း ပစ်ချင်ရင်ပစ်ကြတယ်၊ ညဘက်ဆိုရင်မှောင်တာနဲ့ပစ်ပြီး၊ ညကဆိုရင် ဝင်းကြီးဘက်က ယောကျာ်းတစ်ယောက် ထိတယ်လို့ ကြားတယ်၊ သေ မသေတော့မသိဘူး၊ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း ၉၇ ကပစ်လိုက်လို့ လူ ၄ ယောက်ထိသွားသေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၉၇ ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကြောင့် ကြောင်လျှာကုန်းကျေးရွာထဲက အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘားအံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုချိန်မှာလည်း မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ညတိုင်းနီးပါးပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ- CJ