မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ကုန်သွယ်ရေးဇုန်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတွေထဲကတစ်ချို့ဟာ လက်ရှိအချိန်ထိ နေအိမ်တွေကိုပြန်လည်မနေထိုင်ရဲကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက ကရင်မျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အနီးအနားကျေးရွာတွေဖြစ်တဲ့ မဲကနယ်ကျေးရွာ၊ ရွာသစ်ကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာတွေက ဒေသခံ ၁၀၀၀ ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ဘေးရှောင်တွေထဲကတစ်ချို့သာ နေရပ်ကိုပြန်လည်နေထိုင်နေကြပြီး တစ်ချို့မှာတော့ တိုက်ပွဲပြန်လည်ဖြစ်ပွားလာမှာကိုကြောက်ကြတာကြောင့် နေရပ်ကိုမပြန်သေးဘဲ အခြေအနေစောင့်ကြည့်နေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တစ်ချို့က ပြန်လာနေကြပြီး၊ တစ်ချို့ကလဲ အခြေအနေစောင့်ကြည့်နေကြတုန်း ပြန်လာဖို့ကို၊ ရှောင်တာကတော့ ဆွေမျိုးတွေဆီ လွတ်ရာကျွတ်ရာကိုရှောင်ကြတာပေါ့၊ အခက်အခဲကတော့ အနည်းနဲ့အများတော့ရှိတာပေါ့၊ စားသောက်တာက တောထဲရောက်တဲ့လူတွေဆို ဝအောင်မစားရတာတို့၊ ရေမသန့်တာတို့၊ တောထဲမှာဆိုတော့ ညဘက်မှောင်ရင် ခြင်ကိုက်တာတို့တော့ ရှိတာပေါ့” လို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
အခုချိန်မှာလည်း မြဝတီမြို့နဲ့ အနီးပတ်ဝန်းကျင်တွေမှာ ညတိုင်း လက်နက်ကြီးပစ်သံတွေကို ကြားနေရတာကြောင့် ဒေသခံတစ်ချို့မှာ နေရပ်စွန့်ခွာနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲမှာ နေတဲ့လူကနေကြတယ်၊ ပြေးတဲ့လူတွေလည်းပြေးနေပြီး၊ အခုက ညတိုင်း ဘယ်က ပစ်မှန်းမသိဘူး လက်နက်ကြီးသံတွေကြားနေရတာ၊ အခုက အိမ်မှာဘဲ၊ မဲဆောက်ဘက်ဘဲ ပြေးရင်ကောင်းမလားမသိဘူး၊ အခုက အထုတ်ပြင်ထားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိအချိန်မှာလည်း မဲကနယ်ကျေးရွာ၊ ရွာသစ်ကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာတွေက စစ်ဘေးရှောင်တွေမှာ အစားအသောက်၊ ဆေးဝါးနဲ့ နေရာထိုင်ခင်းတွေမှာ အခက်အခဲဖြစ်နေတယ်လို့ ဒူးပလာယာခရိုင် သတင်းနဲ့ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်ရဲ့ မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ ကျုုံဒိုးမြို့တစ်လျှောက်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာလျက်ရှိတာကြောင့် ဒေသခံတွေမှာလည်း စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ