မတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အောက်ပိုင်းရှိ ကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ ၁၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Comrades of the same blood အဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။
မတ်လအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး လောင်းလုံမြို့နယ်ထဲက ညောပြင်ရွာ၊ အောက်ကျောက်ဝပ်ရွာ၊ ပညစ်ရွာ၊ သပြေရှောင်ရွာ စတဲ့ ကျေးရွာ ၁၀ ရွာကျော်တွေက နေအိမ်တွေကိုမီးရှို့တာနဲ့ ဒေသခံရွာသား ၂၆ ယောက်ကို ဖမ်းဆီးတဲ့ လုပ်ရပ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ Democray Movement Strike Committee-Dawei ရဲ့ တာဝန်ရှိသူကပြောပါတယ်။
“မတ်လမတိုင်ခင်က ညောပြင်ဘက်က စစ်ဘေးရှောင် ၁၅၀ လောက်ရှိတယ်။ မတ်လထဲ စစ်ကောင်စီကစစ်ကြောင်းထိုးပြီးတဲ့အချိန်မှာတော့ မီးရှို့ခံရတဲ့အိမ်က ၁၅၀ လောက်ရှိတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့သူက ၇ ဦးလောက်ရှိတယ်။ စစ်ဘေးရှောင်တွေက တိုးလာတယ်” လို့သူက ပြောပါတယ်။
အဲ့ဒီစစ်ဘေးရှောင်တွေမှာ ရိက္ခာတွေမလုံလောက်တဲ့အနေအထားနဲ့ရင်ဆိုင်နေရပြီး အဓိက ကျန်းမာရေး ပြသနာတွေနဲ့လည်းရင်ဆိုင်နေကြရပါတယ်။ ယခုလက်ရှိမှာတော့ စစ်ဘေးရှောင်တွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောနဲ့ ရာသီတုပ်ကွေးတွေဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်ကူညီနေတဲ့သူတွေဆီကနေ သိရပါတယ်။
“စားရေးသောက်ရေးပိုင်းနဲ့ပတ်သတ်ပြီး အကူအညီတော့လိုအပ်နေတယ်။ ကူညီမှုက အနည်းအကျဉ်းတော့ရှိတယ်။ DMSCD အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ တခြားစစ်ဘေးရှောင် ကူညီရေးအဖွဲ့လေကနေ တပတ်စာတော့ပေးထားပေါ့။ အဓိကက ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆေးဝါးတွေလည်းလိုအပ်နေတယ်။ ဝမ်းပျက်ဝမ်းလျှောက ကလေးသူငယ် ပိုင်းတွေ အများဆုံး ဖြစ်တာပေါ့။ ရေကမသန့်တော့ဖြစ်တယ်။ တချို့နေရာတွေမှာလည်း ရာသီတုပ်ကွေး ဖြစ်ကြတယ်”လို့ စစ်ဘေးရှောင်ကူညီနေတဲ့သူတွေကပြောပါတယ်။
ယခုလက်ရှိ စစ်ဘေးရှောင်နေရတဲ့သူတွေက ညောပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ရွာကလူတွေ အများဆုံးဖြစ်ပါတယ်။ အဲဒီစစ်ဘေးရှောင်တွေက နေရပ်ကိုစွန့်ခွာပြီး ဆွေမျိုးအိမ်တွေ၊ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲမှာ အဆင်ပြေသလိုနေထိုင်နေရပြီး နေရာထိုင်ခင်းအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်လို့ Comrades of the same blood အဖွဲရဲ့တာဝန်ခံကပြောပါတယ်။
“အဲ့ဒီစစ်ရှောင်တွေက တောတောင်နဲ့ကျွန်းဆွယ်တွေထဲမှာ တာလပက်နဲ့တဲထိုးပြီးနေရတာပေါ့။ စင်ပေါ်မှာတာလပက်ထိုးပြီး နဘေးကအကာတွေတောင်မရှိကြဘူး။ တဲတခုမှာဆိုရင် မိသားစု ၃ ခု ၄ ခု လောက်ပေါင်းပြီးနေကြရတယ်။ နေရပ်စွန့်ခွာလူတွေအနေနဲ့ ပြန်ဖိုတော့နည်းတယ်။ ပြန်ရခက်တယ်ဗျ။ တရွာလုံးနီးပါးအိမ်တွေက မီးရှို့ခံရတော့ ပြန်ပြီးရင်လည်း နေဖို့အိမ်ကမရှိတော့ဘူးလေ”လို့ သူက ဆက်ပြောပါတယ်။
ယခုလက်ရှိစစ်ကောင်စီတပ်တွေက ကျောက်နီမော်ရွာထဲကပျူစောထီးတွေနဲ့အတူရှိနေပြီး ပင်လယ်ထဲ မှာလည်း စစ်သင်္ဘောတွေနဲ့အမြဲလိုလိုရှိနေတယ်လို့ Comrades of the same blood အဖွဲရဲ့တာဝန်ခံကပြောပါတယ်။
“လက်ရှိတော့ရေထဲမှာတော့ရှိတယ်ဗျ။ လောင်းလုံကျောက်နီမော်ရွာမှာလည်း ရွာခံပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေလည်းရှိတယ်။ ရှင်မော်ရေကြောင်းတစ်လျှောက်မှာလည်း စစ်ကောင်စီတပ် သင်္ဘောတွေ လည်းရှိတယ်”လိုသူကဆက်ပြောပါတယ်။
မတ်လ ၃၀ ရက်နေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ကျောက်နီမော်ရွာကနေ ကျောက်ဝပ်ပြင်ရွာဘက်ကိုဆင်းသွားပြီး နေ့လည် ၁၂ နာရီလောက်မှာ ကျောက်နီမော်ရွာဘက်ကို ပြန်လည်ထွက်လာ တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရတဲ့ ရွာသား ၂၆ယောက်လောက်ထဲမှာ အယောက် ၂၀ ပြန်လွတ်လာပြီး ကျန်ခဲ့တဲ့ ၆ ယောက် အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူးလို့ Democray Movement Strike Committee-Dawei ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ပြီးခဲတဲ့ ဖေဖော်ဝါရီလက တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ နီးပါးထိရှိခဲ့တယ်လို့ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရပါတယ်။
သတင်း-နော်အယ်နီး
ဓာတ်ပုံ- Comrades of the same blood