မတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ လူငယ်တွေကို ပေါ်တာဆွဲမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာကြောင့် မြို့ထဲမှာ တိတ်ဆိပ်ငြိမ်သပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်မှာ မတ်လ ၂၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာ အခုလို သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပြီး ညဘက်တွေမှာ ကြောက်လန့်နေကြရတယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ပေါ်တာတော့မဆွဲသေးဘူး၊ သတင်းတွေကတော့ထွက်နေတယ်၊ အဲ့လိုသတင်းတွေထွက်နေတော့ တစ်မြို့လုံးကကြောက်နေတာတော့ အမှန်ဘဲ၊ အခုက ညမထွက်ရအမိန့်ထုတ်ထားတာလည်းပါတော့ ညနေ ၆ ကျော်ရင် ဘယ်သူမှ လမ်းပေါ်မရှိတော့ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့ကုန်သွယ်ရေးဇုန်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပိုင်း မြဝတီမြို့ အနီးတစ်ဝိုက်မှာ ညတိုင်းနီပါး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားနေရပြီး ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာကြောင့် ဒေသခံတွေမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဈေးသည်တစ်ဦးက ဆက်ပြောပါတယ်။
“အခုကတော့ငြိမ်နေတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်လောက်က မဲကနယ်ရွာထဲကို လက်နက်ကြီး နှစ်လုံးကျတယ်၊ ညီနောင်ဘက်မှာလည်း ပစ်တဲ့အသံတွေကြားရတယ်၊ မြဝတီမှာ လက်နက်ကြီး သံတွေက တောက်လျှောက်ကြားရတယ်၊ အခုကနီးနီးလေးကြားရတော့ မြို့ထဲကိုကျလာမှာ ကြောက်နေရတယ်၊ ညမထွက်ရအမိန့်လည်းထုတ်ထားတော့ ဈေးသည်တွေ ဈေးစောစောသိမ်းပြီး ဈေးရောင်းမကောင်းဘူးလေ၊ အဲ့လိုအခက်အခဲတွေတော့ရှိတာပေါ့” လို့ ဈေးသည်တစ်ဦးကပြောပါတယ်။
ကရင်ပြည်နယ်ရဲ့ မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မြဝတီ−ကော့ကရိတ်အာရှလမ်းကိုပိတ်ထားခဲ့ရပြီး ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ အာရှလမ်းကိုပြန်ဖွင့်လိုက်ပြီဖြစ်သော်လည်း ကားအသွားအလာနည်းပါးနေပြီး လက်ရှိမှာတော့ ခါလီကားတွေကိုသာ ပေးသွားပြီး တံတားကျိုး စစ်ဆေးရေးဂိတ်မှာလည်း စစ်ဆေးတာတွေရှိနေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
“အခုမြဝတီအခြေနေကတော့ လောလောဆယ် ငြိမ်နေတယ်၊ ကုန်သွယ်ရေးဇုန်တော့ ပိတ်ထားဆဲဘဲ၊ ကားတွေက ကားကြီးဆိုနဲ့ ကားလေးတွေဆိုပေးသွားတယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
အခုချိန်မှာလည်း မြဝတီကုန်သွယ်ရေးဇုန်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မဲကနယ်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ ၁၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်း၊ အစားအသောက်နဲ့ ဆေးဝါးတွေကို အဓိကလိုအပ်နေတယ်လို့ ဒူးပလာယာခရိုင်−သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ