မြန်မာနိုင်ငံဟာ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် စီဒေါ (CEDAW) ကို ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ သို့ပေမယ့်လည်း မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးတွေရဲ့ ရပိုင်ခွင့် နဲ့ တန်းတူညီမျှမှုတွေကို အပြည့်အဝမရပဲ ခွဲခြားဆက်ဆံမှုတွေကိုခံနေရပါသည်။
နွေဦးတော်လှန်ရေးအစမှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ကျဆုံးသူအမျိုးသမီး (၃၈၉) ဦး ၊ ဖမ်းဆီးချုပ်နှောင် ခံထားရသော အမျိုးသမီး (၄၀၇၈) ဦး၊ ပြစ်ဒဏ်ချမှတ်ခံထားရသော အမျိုးသမီး (၇၁၁) ဦး ၊ သေဒဏ်ချမှတ်ခြင်း ခံထားရသော အမျိုးသမီး (၁၁) ဦး နှင့် ပြည်လည်လွတ်မြောက်လာသော အမျိုးသမီး (၉၂၈) ဦးအထိ ရှိနေပြီးဖြစ်ပါသည်။
အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ တော်လှန်ရေး သမိုင်းကြောင်းတစ်လျှောက်အပြင် ယခု နွေဦးတော်လှန်ရေးမှာပါ အမျိုးသားတွေနဲ့တန်းတူ ပါဝင်နေခဲ့ကြတယ်ဆိုတာ ငြင်းဆိုလို့မရတဲ့ အမှန်တရားပဲဖြစ်ပါတယ်။ အရပ်သားအစိုးရအပေါ် စစ်တပ်ရဲ့မတရားအာဏာသိမ်းမှု့ကို လက်မခံနိုင်ပဲ နွေဦးတော်လှန်ရေးမှာ ရရာအခန်းကဏ္ဍကနေ ပါ၀င်တွန်းလှန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရပ်တည်မှု ၊ ခံယူမှု နဲ့ သူမရဲ့ အတွေ့အကြုံတွေကို တင်ပြသွားပါမည်။
သူမ နာမည်ကတော့ နော်ဂရေစီ ဖြစ်ပြီး အသက်ကတော့ ၂၃ နှစ် ကရင်တိုင်းရင်းသား ၊ လားဟူ လူမျိုး တစ်ယောက် ဖြစ်ပါသည်။
**အာဏာမသိမ်းခင် သူမရဲ့ဘဝရပ်တည်မှုအခြေအနေ**
သူမဟာ ငယ်စဉ်ကတည်းက ဘုရားကျောင်းမှာ တယောပညာရပ်ကိုသင်ကြားခဲ့ပြီး အထက်တန်းအောင်တဲ့အချိန်ကစပြီး Orchestra တစ်ခုမှာ ဝင်ရောက်တီးခတ်လေ့ကျင့်ခဲ့ပါသည်။ အိမ်မက်ဆုံရာ ၊ The Voice of Myanmar နဲ့ Myanmar Idol စတဲ့ TV Program များတွင်လည်း ပါဝင်ခွင့်ရခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှာ အထက်တန်းအောင်ပြီးတော့ နည်းပညာတက္ကသိုလ် (မှော်ဘီ) မှာ Mechatronics Major ဖြင့် ပညာသင်ကြားခွင့်ရခဲ့ပြီး Covid-19 ကြောင့် စတုတ္ထနှစ်အထိသာ သူမကျောင်းတက်ခဲ့ရပါသည်။ တက္ကသိုလ်ပထမနှစ်မှာ ကျောင်းရဲ့ Activities တွေမှာ ပါဝင်ဖြစ်တာများပြီး ကျောင်းသားသမဂ္ဂအဖွဲ့ကို ၀င်ရောက်ခဲ့ပါသည်။ ဒီလိုနဲ့ တက္ကသိုလ် ဒုတိယနှစ် ရောက်တော့ တွဲဖက်အတွင်းရေးမှူး နှင့် တက္ကသိုလ်တတိယနှစ်မှာ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံအဖြစ် တာ၀န်ထမ်းဆောင်ရင်း တက္ကသိုလ် စတုတ္ထနှစ် ရောက်တဲ့အချိန်မှာ ကျောင်းသားသမဂ္ဂ အဖွဲ့မှာ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပြီး သမဂ္ဂ ဥက္ကဌ တာ၀န်ကို စတင်ထမ်းရွက်ခဲ့သူတစ်ဦးဖြစ်ပါသည်။
**အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်မှုအခြေအနေ**
“တော်လှန်ရေးမှာပါဝင်ဖြစ်ပုံက ကျွန်မအတွက်ကတော့ သမိုင်းပေးတာဝန်တစ်ခုလိုပါပဲ” လို့ သူမပြောပါသည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ညပိုင်းကတည်းက နေအိမ်မှ စတင်တိမ်းရှောင် ခဲ့ရတဲ့သူလည်းဖြစ်ပါသည်။ ဆန္ဒပြပွဲတွေ ၊ ဆူပူအုံကြွမှုတွေကို ဦးဆောင်နိုင်မည့် ကျောင်းသား ခေါင်းဆောင်တွေ နှင့် အလုပ်သမားခေါင်းဆောင်တွေကို ဖမ်းဆီး မည်ဆိုသော သတင်းတွေရရှိ ခဲ့တာကြောင့် သူမ စတင်တိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ဘာမှမလုပ်ရ မကိုင်ရဘဲ အဖမ်းခံရမည်ကို ကြောက်လန့်နေခဲ့ရပေမယ့် ထိုအချိန် ကာလက နေအိမ်တွေကို စစ်ကောင်စီတပ်မှ ဝင်ရောက်ရှာဖွေ ခြင်းမျိုးတွေ မရှိခဲ့သေးတဲ့ အစောပိုင်းကာလ တစ်ခုဖြစ်ပါသည်။ သူမဟာ နောက်ပိုင်းမှာ နေအိမ်မှ တိမ်းရှောင်နေထိုင်ရင်း ကျောင်းသားများကို ဦးဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲများမှာ တက်ကြွစွာ အင်တိုက်အားတိုက်ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်ခဲ့ပါသည်။ ထိုစဥ်က “တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့အသံကြောင့် မအလ တစ်ယောက် အရှက်တရားရကာ အသိတရား ပြန်ဝင်လာမည်ဟု ထင်ခဲ့မိရိုးအမှန်ပါ။ ကျွန်မရဲ့ မှန်းချက်နဲ့ နှမ်းထွက်ကတော့မကိုက်ခဲ့ပါဘူး။ နောက်ဆုံးသိလိုက်ရတာက စစ်ကောင်စီတပ်အုပ်စုတွေဟာ လူလို့တောင်ခေါ်လို့မရတဲ့သူတွေ ဖြစ်လာ ခဲ့ပါတယ်” လို့ သူမပြောပါသည်။
ဖေဖေါ်ဝါရီလရဲ့ လတစ်ဝက်လောက်အကျော်မှာ လူတွေသေသည်အထိ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားလာခဲ့ပါသည်။ သို့ပေမယ့် လက်နက်တခုတလေမှ မပါတဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် နေသော ကျောင်းသားတွေ ထောင်သောင်းချီတဲ့ သပိတ်စစ်ကြောင်းတွေကိုတော့ အကြမ်းဖက် စစ်ကောင်စီတပ်က သေနတ်နဲ့ မပစ်လောက်ပါဘူးလို့ သူမ မာန်တက်နေခဲ့ဖူးပါသည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ မြန်မာပလာဇာရှေ့ရှိ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်နေသော ကျောင်းသားများသပိတ်စစ်ကြောင်းမှာ ကျည်အစစ်သုံး၍ ဖြိုခွင်းခြင်းကိုခံခဲ့ရသလို ထိုဖြစ်စဥ်နဲ့ ပက်သက်၍ ကျောင်းသားအများအပြားဒဏ်ရာရရှိခဲ့ပါသည်။ မတ်လ မှာ သူမရဲ့ ဦးဆောင်မှုအတွင်းမှာ ရှိသော ကျောင်းသားများကို အန္တရာယ်များပြီး အကျိုးမရှိစေတဲ့ ဆန္ဒပြပွဲများတွင် သူမ မပါဝင်စေလို တော့ပါ။ မတ်လအတွင်းမှာ ပျောက်ကြားသပိတ်များကို လူနည်းနည်းဖြင့်သာ ပြုလုပ်ခဲ့ပေမယ့် မိနစ်ပိုင်းအတွင်းမှာပင် အဖမ်းခံရသည့် လူဦးရေဟာ ပိုမိုများပြားလာခဲ့ပါသည်။ “ဆန္ဒ မထုတ်ဖော်အားဘဲ မတရားအဖမ်းမခံရအောင် ကိုယ်လွတ်ရုန်းပြေးတဲ့ ပြေးပွဲတစ်ခုလိုပဲဖြစ်ခဲ့ရပါတယ်” လို့ သူမဆိုပါတယ်။
**လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ရွေးချယ်ဖြစ်မှုအခြေအနေ**
“ ကြားသာကြားပြီး Action မလာတတ်တဲ့ လူတွေကိုဘာကြောင့်အော်ပြောနေမလဲ UN ကလည်းစိုးရိမ်တာပဲ တတ်နိုင်ပါတယ်။ မအလကလည်း နားမပါဘူးလေ ။ သူ့မှာ နှလုံးသားလည်း ရှိပုံမရဘူး သူနဲ့တကွ စစ်အုပ်စုဟာ မြန်မြန်သေလေ ကမ္ဘာကြီးငြိမ်းချမ်းလာလေလေပဲဖြစ်မှာလို့ ကျမ တွေးမိတယ်” လို့သူမပြောပါတယ်။ April လ သင်္ကြန်အတွင်းမှာ သူမဟာ ကယားပြည်ကိုသွားခဲ့ပြီး June လ အကုန်လောက်မှာ KNU တပ်မဟာ (၆) နယ်မြေကို တာဝန်တစ်ခုကြောင့် ပြောင်းရွှေ့လာခဲ့ရပါသည်။ ကယားပြည်နယ်ကနေ ကရင်ပြည်နယ်ကိုလာတဲ့ လမ်းမှာဘဲ သူမရဲ့ သူငယ်ချင်း ၂ ယောက်ဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံခဲ့ရပါသည်။ စစ်ကြောရေးမှာ ရက်ရက်စက်စက်နှိပ်စက်ခံခဲ့ရပြီး လက်ရှိမှာတော့ လွိုင်ကော်အကျဥ်းထောင်မှာ အကျဥ်းချခြင်းခံထားရပါသည်။ “ကျွန်မဟာ လူကောင်သေးပြီး အင်အားနည်းမှန်းသိပါတယ် ဒါပေမယ့် လက်နက်ကိုင်လမ်းစဥ်ကို ဖောက်ဖို့ရန် ကျောင်းသားလက်နက်ကိုင်တွေအတွက် တစ်တပ်တစ်အား ဖြစ်စေချင်တဲ့ရည်ရွယ်ချက်တွေနဲ့” လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ သူမပြောပါတယ်။
မိန်းကလေးတစ်ယောက်အနေနဲ့ တောထဲမှာဖြစ်တဲ့ အခက်အခဲကိုပြောရမယ်ဆိုရင် “ကျွန်မအနေနဲ့အခက်အခဲလို့ ထင်နေတဲ့အရာတွေကိုကြားရင် တိုင်းရင်းသားဒေသခံတွေက ရယ်နေ ကြမှာပေါ့။ စား၀တ်နေရေးအခက်အခဲတွေကိုတော့ အထူးတလည်ပြောစရာမရှိပါဘူး။ ပုံမှန်ပါပဲ လူနေမှုအဆင့်အတန်းကတော့ မြို့နဲ့ကွာတာပေါ့နော်” အမျိုးသမီးထုတွေအများဆုံး ကြုံနေရတာ ကတော့ Gender ခွဲခြားခံရမှုပါ။ “ကိုယ့်လောက်မှပညာမတတ်တဲ့ လူတွေရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာဟာလဲ ကျွန်မအတွက်တော့ အကုသိုလ်တစ်မျိုးပဲ (တိုင်းရင်းသား လက်နက်ကိုင်) ဗိုလ်တွေ ၊ ဗိုလ်ကတော်တွေ သူတို့ဟာလည်း အာဏာရူးအမျိုးအစားတစ်မျိုးထဲမှာ အပါအဝင်ပါပဲ” လို့သူမကဆိုပါတယ်။
“ကျွန်မခိုလှုံခဲ့ရတဲ့ ဒေသကအုပ်ချုပ်သူတွေဟာ ကျောက်ခေတ်ဦးကလူတွေလိုပဲ ။ အဲ့ဒီဒေသမှာက ဒိုက်ထိုး နိုင်တဲ့သူမှသာ အကောင်ပါ။ လူကောင်သေးတာတို့ ၊ ဦးနှောက်သုံးပြီးဖြေရှင်းတတ်တဲ့သူတွေဆို လုံးဝ အပယ်ခံတွေပါ။ ဘာလူ့အခွင့်အရေးမှလည်း ရှိမနေပါဘူး။ အဓိပ္ပာယ်မရှိတဲ့ အမိန့်တွေပဲ ပေးနေကြတာ သူတို့ငြိုငြင်တာကိုရပ်ဖို့၊ သူတို့ပါးစပ်ကိုပိတ်ဖို့ဆို ငွေနဲ့ပိတ်မှရတာမျိုးပါ။ လစာမရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်တော်များများဟာ PDF တွေကို သင်တန်းပေးသလိုလိုနဲ့ ကားတွေဝယ်စီးပြီး ၃ ထပ်တိုက်တွေ ဆောက်သွားနိုင်တဲ့ဗိုလ်တွေဟာ လက်တွေ့ပါ” လို့ သူမက ထောက်ပြပြောဆိုထားပါသည်။
သူမ နေနေတဲ့အချိန်တုန်းကဆိုရင် ဆန်ကတော့လုံလုံလောက်လောက်ရှိပြီး ဟင်းစားကတော့ ကိုယ့်ဘာသာ နောက်ပိုင်းကြံဖန်ရပါသည်။ “စားခဲ့ရတဲ့ဆန်တွေကတော့ ဆန်နီတွေပါ။ ချက်လိုက်ရင် ဖွဲအနံ့အရသာမျိုး။ တိရစ္ဆာန်တွေကိုကျွေးတဲ့ဆန်မျိုးတွေကို စားခဲ့ရတာပါ” ဆေးဝါးကတော့ လုံလောက်တယ် မလုံလောက်ဘူး ဆိုတာထက် အသုံးမတတ်ကြဘူးလို့ပြောရမှာပါပဲ။ ဆေးသင်တန်းတွေကနေ သင်တန်းဆင်းကြသူတွေကတော့ တတ်သလောက်မှတ်သလောက်ဖြင့် ပြန်ကု ပေးတတ်ကြပါသည်။ “ကျွန်မကတော့ နေမကောင်းဖြစ်တာ ရှားပါတယ်။ နေမကောင်းလည်း မဖြစ်ရဲပါဘူး။ ဘာပဲဖြစ်ဖြစ် ဆေးထိုး ၊ ဆေးသွင်းလုပ်ခံရလို့ပါ။ ကျွန်မတစ်ခါ ဖျားတုန်းကဆို မိုးရေတွေ ထိုးသွင်းတာခံလိုက်ရဖူးပါတယ်။” သူမအတွက်တော့ အမျိုးသမီးလစဉ်သုံး ပစ္စည်းက ကိုယ့်ဟာကိုယ်ပဲ ရွာထဲမှာဝယ်ပြီး သုံးရပါသည်။ ဓမ္မတာလာချိန်ဗိုက်အောင့်တာတို့၊ ကိုက်ခဲတတ်တဲ့ မိန်းကလေး တွေတိုင်းဟာလဲ ကိုယ့်ဘာသာ ဆေးတွေဆောင်ထားကြရပါသည်။
သူမအနေနဲ့ လိင်ပိုင်းဆိုင်ရာနဲ့ပက်သက်ပြီးတော့ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ကျူးလွန်ခံခဲ့ရတာမျိုးတော့မရှိခဲ့ပေမယ့် အတူတူနေခဲ့ရသော စစ်သင်တန်းက မိန်းကလေးတစ်ယောက် ရေချိုးနေစဥ် KNU က ဗိုလ်ပေါက်စတစ်ယောက် ချောင်းကြည့်တာကို ကြုံခဲ့ရပါသည်။ တောထဲမှာဆိုတော့ ရေချိုးခန်းရယ်လို့ မယ်မယ်ရရ သီးသန့်မရှိပေ။ ရေတွင်းနားမှာ မိန်းကလေးတွေ အတွက် တာလပတ်လေးတော့ ကာပေးထားပါသည်။ ကောင်မလေးက ချောင်းကြည့်တဲ့ ဗိုလ်နှာဘူးကို မိသွားလို့ တိုင်တန်းခဲ့ပေမယ့် အရေးယူမှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ “ဒါ ဟာ ဒီလိုကိစ္စ မှမဟုတ်ပါဘူး အဲ့ ဒီဒေသမှာက ဘယ်သူလွန်လွန် သူတို့လူတွေဟာအမှန်ပါ။ ကော်သူးလေး ဥပဒေဟာ စာရွက်ပေါ်မှာပဲ ရှိနေတာမျိုးဆိုတာကို ကျွန်မနဲ့အဖွဲ့ဟာ လက်တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုပါ” လို့ သူမက ပြောဆို ထားပါသည်။
**စိတ်ဒဏ်ရာရရှိမှုအခြေအနေ**
သူမ အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ပက်သက်ပြီးချိုးနှိမ်ခံခဲ့ရတာတွေ အများကြီးကို ကြုံတွေ့ခဲ့ရပါသည်။ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကတော့ “ကိုယ့်ကြောင့် ၊ ကိုယ်ဦးဆောင်မှုညံ့လို့ အဖမ်းခံခဲ့ရတဲ့ သူငယ်ချင်းတွေ နှင့် ကိုယ့်ကြောင့် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်သာ ပြေးခဲ့ရတဲ့ မိသားစုတွေရှိနေခဲ့တာကြောင့်ပါ။ ကျွန်မကြောင့် ကျွန်မမိသားစုဟာ သူတစ်ပါးနိုင်ငံမှာ လမ်းဘေးရောက်ခါနီးအထိဖြစ်ခဲ့ရပါတယ်” သူမ အကူအညီတောင်းခံခဲ့ပေမယ့် ကူညီမည့်သူ ရှိမနေခဲ့ဘူးလို့ပြောပါသည်။ ဒီကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကြောင့် ယနေ့အထိ အိပ်ပျော်တိုင်း အိပ်မက်ဆိုးတွေမက်ပြီး အိပ်မက်တွေထဲမှာ အမြဲတမ်းပြေးလွှားပုန်းနေရတဲ့ဖြစ်ရပ်မျိုးတွေ သူမ ဖြစ်နေရပါသည်။ သူမဟာ လမ်းသွားရင်း မီးအနီရောင်တွေ၊ မီးအပြာရောင်တွေမြင်ရင် ကြောက်စိတ်ဖြစ်မိနေပါသည်။ နောက်ပြီးဝိစီသံကြားတဲ့ အခါတိုင်း အထုပ်ပြင်ပြီး ပြေးရမလားဆိုတဲ့စိတ်တွေက အခုထက်ထိကို ဖျောက်လို့မရသေးတဲ့ ဖြစ်ရပ်တွေပါလို့ သူမဆက်ပြောပါသည်။ တခါခါ ကိုယ့်ကိုကိုယ် စိတ်ရောဂါဖြစ်နေပြီလားလို့တောင် သံသယရှိလာတဲ့အထိဖြစ်ခဲ့ရပါသည်။ အရင်ကထက် စိတ်တွေအရမ်းတိုတတ်လာသလို ပြဿနာ တစ်ခုခုဖြစ်လာရင်လည်း သူမ ဝုန်းဒိုင်းကြဲနေတတ်ပါသည်။ အိပ်မက်ထဲမှာတောင် လူတွေသတ်နိုင်နေ သလိုတွေဖြစ်နေပါတယ်။ ဒါတွေကြောင့်ပဲ သူမ တာဝန်တွေအားလုံးကနေ အနားယူခဲ့တာ လပိုင်းလောက် ရှိခဲ့ပြီ ဖြစ်ပါသည်။ သူမဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလောက်မှာ မဲဆောက်မြို့ကို ရောက်ရှိပြီး လက်ရှိမှာတော့ မဲဆောက်က ဘုရားကျောင်းတစ်ခုမှာ မိမိတတ်ထားတဲ့ တယောပညာကို ပြန်လည်မျှဝေ သင်ကြား ပေးနေပါသည်။
သူမအနေနဲ့ပြောချင်တာကတော့ “ဒီတော်လှန်ရေးကြီး အဓွန့်မရှည်ဖို့ ဆုတောင်းပါတယ်။ တော်လှန်ရေးလုပ်စားတဲ့သူတွေ၊ တော်လှန်ရေးပွဲစားတွေ အကုန်လုံးကိုမှတ်ထားပါတယ်။ ခြံစည်းရိုး ခွထိုင်ပြီး တော်လှန်ရေးကို ထောက်ပံ့ပေးဖို့ တွန့်တိုလာပြီဖြစ်တဲ့သူတွေကိုလည်း အမှတ်ရနေပါ့မယ်။ ဒီလူတွေဟာ ခေတ်ကောင်းကောင်း မကောင်းကောင်း မကောင်းစားသင့်တဲ့သူတွေပါ။ ဘယ်တော့မှ မကောင်းစားဖို့လည်းမျှော်လင့်ပါတယ်။” လို့ ဆိုပါတယ်။
**ဥပဒေနှင့်အညီအရေးယူခံရခြင်းမရှိသည့် အကြမ်းဖက်စစ်တပ်**
မြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂသည် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် ပူးတွဲကြေငြာချက်ကို ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၉ ခုနှစ်မှာ ပူးတွဲကြေငြာချက်ကို အကောင်အထည်ဖော်ရန် ကော်မတီတခုကိုဖွဲ့စည်းခဲ့ပြီး ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၀၁၆ အပိုဒ် ၁၀ အရ လုပ်ငန်းစီမံချက် ၁၁ ချက်ကို ချမှတ်ထားခဲ့ပေမယ့် လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်မှတ်ရေးထိုးထားသော အချက်အလက်တွေအားလုံးကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ကျူးလွန်နေသည်ကို တွေ့ရှိရပါသည်။ စစ်တပ်ရဲ့ သမိုင်းကြောင်းတစ်လျှောက်ကို ပြန်ကြည့်မည်ဆိုပါက သူတို့ရဲ့ အကြမ်းဖက်မှုတွေနဲ့ပက်သက်ပြီး တာဝန်ယူမှု ၊ တာဝန်ခံမှုတွေမရှိသလို အရေးယူဆောင်ရွက်ခြင်း မျိုးကိုလည်း ယနေ့အထိ မတွေ့ရှိရပါ။
**အမျိုးသမီး ၊ လူငယ် နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာန ရဲ့ လုပ်ငန်းဆောင်တာများ**
အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး ၊ လူငယ် နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူ့အခွင့်အရေး ဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန စသည့် ဝန်ကြီးဌာန (၅) ခုနှင့် အရပ်ဖက် လူမှု့အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းပြီး လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နှင့် မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်ပေးရေးမူဝါဒ PSHEA Policy ကို ၂၀၂၃ ခုနှစ် မတ်လ (၈) ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အမျိုးသမီး ၊ လူငယ် နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန အနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကိုဆေးကုသပေးခြင်း၊ လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခြင်း၊ စိတ်ခွန်အားဖြစ်စေရန် နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းတွေကို နေ့စဉ်ပြုလုပ်နေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ထောက်ပံ့ရေးအစီအစဉ် ၊ စစ်ဘေးရှောင် အမျိုးသမီး များကို ထောက်ပံ့ရေးအစီအစဉ် နှင့် ကလေးသူငယ် များကို အာဟာရပြည့်ဝမှုတွေရရှိအောင်လည်း ဆောင်ရွက်ပေးနေသည်ဟု အမျိုးသမီး ၊ လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနမှ ဝန်ကြီးဖြစ်သူ ဒေါ်ဆူဇန်နာ လှလှစိုးက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါသည်။ သို့သော်လည်း အခွင့်အရေးတွေချိုးဖောက် ခံသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှင့် ပက်သက်၍ တိုင်ကြားရမည်ဆိုပါက မည်သည်ကို ဆက်သွယ် တိုင်တန်းရမည်တို့ကို သီးသန့်ဖော်ပြထားခြင်းမျိုး မတွေ့ရှိရပါ။
အမျိုးသမီးများ ၊ မိန်းကလေးငယ်များသည် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများ၏ သားကောင်များ မဟုတ်သလို ငြိမ်းချမ်းရေးနှင့် ထိုက်တန်သော သူများဖြစ်ကြပါသည်။ အမျိုးသမီးများသည်လည်း လူသားများဖြစ်သည့်အလျောက် အမျိုးသားများနှင့် တန်းတူညီတူ လူ့အခွင့်အရေးများကိုလည်း ခံစားပိုင်ခွင့်ရှိပါသည်။
မေမီမင်းညို