မတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်း ၊ စလင်းမြို့နယ် ၊ ကင်းပွန်ခြုံရွာကို မတ်လ (၂၈) ရက်နေ့ မနက်မှာ အင်အား (၂၀၀) ဝန်းကျင် ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ (၁၂၃) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ စလင်းမြို့နယ် အတွင်းနေထိုင်သူ တစ်ဦးထံမှ သိရပါတယ်။
အခုလို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကင်းပွန်ခြုံရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူ (၅၀၀) ခန့် စစ်ဘေးရှောင်နေရပါတယ်။ အဲ့ဒီထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ လေဖြတ်သူတွေ၊ သက်ကြီးရွယ်အို နာမကျန်းဖြစ်သူတွေပါဝင်နေပြီး ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ Mission 21-Magway မှ တာဝန်ရှိသူ တဦးက ပြောပါတယ်။
“စစ်ဘေးရှောင်တွေအတွက် နေဖို့နေရာကတော့ လောလောဆယ်တော့ အဆင်ပြေသလိုလေးနဲ့ နေလို့ရ ပါသေးတယ်။ အဓိကလိုအပ်နေတာက ရိက္ခာပါ ။ သက်ကြီးရွယ်အို နာမကျန်းသူတွေ ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပြင် ကလေးငယ်တွေအများကြီးလည်း ရှိနေပါတယ် ။ ရှေ့တန်း ရောက်နေတဲ့အဖွဲကဆင့် လိုအပ်တာတွေကို အကူအညီပေးဖို့ တောင်းဆိုထားတာကြောင့် တဆင့်အလှူခံရတာပါ” လို့ သူက ပြောပါတယ်။
ကင်ပွန်ခြုံရွာကို အခုလို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ISP Myanmar ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့အထိ စာရင်းအရ မကွေးတိုင်းဒေသကြီးအတွင်းမှာ နေအိမ် (၁၁,၃၁၁) လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ကြေငြာထားပေမယ့် မြေပြင်မှာဒီ့ထက်ပိုများနိုင်တယ်လို့လည်း သိရပါတယ်။
သတင်း − မေမီမင်းညို
ဓာတ်ပုံ – Mission 21 Magway