မတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ကော့ကရိတ်မြို့တွေမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် မြဝတီ−ကော့ကရိတ် အာရှလမ်းမကို ပိတ်ထားခဲ့ရပြီး ကားသမားတွေမှာ ထို့ကော်ကိုးလမ်းကနေသွားလာနေရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
ထို့ကော်ကိုးလမ်းကနေ ဘားအံမြို့ကိုသွားတဲ့လမ်းတစ်လျှောက်မှာ (KNU/KNLA-PC) နဲ့ BGF ဂိတ် ၃၇ ခုလောက်ရှိပြီး ဂိတ်တိုင်းကို ပိုက်ဆံပေးရတာကြောင့် ဂိတ်ကြေး ၄ သောင်းလောက်ကုန်ပြီး ကားလမ်းကြမ်းတာကြောင့် အရင်ကထက် သွားလာမှုတွေနှောက်နှေးနေတယ်လို့ ကားသမားတစ်ဦးက အခုလိုပြောပါတယ်။
“ထို့ကော်ကိုးလမ်းက PC လမ်းပိုင်ပေါ့၊ ပြောမယ်ဆိုရင် မှောင်ခိုလမ်းပေါ့၊ အားလုံးလမ်းကြေးကြီးဘဲ ၄ သောင်းကျော်လောက်ရှင်းရတယ်၊ ဘားအံကနေ မြဝတီရောက်ဖို့ကို ၄ သောင်းခွဲလောက်ကုန်တယ်၊ ဂိတ်တွေက အနည်းဆုံး ၃၇ ဂိတ်လောက်ရှိတယ်၊ အာရှလမ်းမမှာ ဘားအံနဲ့ မြဝတီဆိုရင် ၂နာရီ ၂၀ လောက်ဆို ရောက်ပြီး၊ ထော့ကော်ကိုးလမ်းကဆိုရင် မနက် ၈ နာရီလောက်အိမ်ကထွက်ရင် ညနေစောင်း ၅ နာရီကျော်မှ ဘားအံကိုရောက်တယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
မြဝတီ−ကော့ကရိတ်အာရှလမ်းပိတ်နေတာကြောင့် ထို့ကော်ကိုးလမ်းကိုအသုံးပြုပြီး သွားလာနေကြရတဲ့ ခရီးသွားတွေအနေနဲ့ ကားခ ၃ သောင်းကျော်ပေးရပြီး လမ်းခရီးကြမ်းတာကြောင့် အရင်ကထက် ပင်ပန်းတယ်လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။
“သွားတဲ့လမ်းမှာက ဂိတ်တွေရှိတယ်၊ လူတွေတော့ မစစ်ဘူး၊ ကားပေါ်က မဆင်းရဘူး၊ ပိုက်ဆံက ကားသမားဘဲပေးရတာ၊ တောင်တက်တဲ့ဂိတ်အစထဲက ပေးရတာ၊ တစ်ချို့ဂိတ်က ၁ ထောင်ဘဲ၊ တစ်ချို့ဂိတ်တွေက လူအရေအတွက်နဲ့ပေးရတယ်၊ အရင်ကဆိုရင် မြဝတီကနေ ဘားအံကို ၁၅၀၀၀ ဘဲ အခုက ၃၉၀၀၀ ပေးရတယ်၊ လမ်းက ထင်ထားတာထက်ကို ၁၀ ဆလောက်ဆိုးတယ်” လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
အခုချိန်လို တိုက်ပွဲတွေဖြစ်ပွားပြီး မြဝတီ−ကော့ကရိတ်အာရှလမ်းပိတ်နေတာကြောင့် မြဝတီ ကုန်သွယ်ရေးဇုန်းထဲမှာလည်း ကုန်ကားသမားတွေပိတ်မိနေပြီး ကုန်ပစ္စည်းပျက်စီးမှုတွေနဲ့ ကြုံနေရတဲ့အပြင် ထို့ကော်ကိုးလမ်းကနေလည်း သွားလာရအဆင်မပြေတာကြောင့် မြဝတီမြို့ထဲမှာ ကုန်ပစ္စည်းဈေးနှုန်းနှစ်ဆနီးပါးမြင့်တက်သွားပြီး မြဝတီမြို့ဒေသခံတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ