မတ်လ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ မတ်လ ၂၅ ရက်ကနေ ၂၆ ရက်နေ့ထိ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သားအများအပြားသေဆုံးကာ Lion Battalion Commando- ဗျူဟာစစ်ကြောင်းမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ မတ်လ ၂၈ ရက်နေ့က ထုတ်ပြန် လိုက်ပါတယ်။
ဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်း၊ ကရင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အခြား PDF ပူးပေါင်းတပ်တို့က ကျုံးဒိုးမြို့အခြေစိုက် ခမရ(၅၄၅/၅၄၆)၊ ကျုံဒိုးရဲစခန်း၊ ဂျိုင်းတံတား၊ ၅တိုင်အလယ်တန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်BGFနဲ့ ရဲတွေကို တပ်မတော်နေ့မတိုင်ခင် ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ၁၅ ဦိးနဲ့အထက် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
“ခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင်တဲ့စစ်ကြောင်းတွေကနေပြီး ကိုယ်သက်ဆိုင်ရာ နယ်မြေတွေထဲမှာ မစ်ရှင်တွေဖော်ဆောင်တာ၊ ကျွန်တော်တို့ကသူတို့ကို တစ်ချိန်ထဲတစ်ပြိုင်ထဲ အားလုံးကို ဝင်တိုက်ခဲ့တာပေါ့၊ စစ်ရေးအရှိန်မြှင့်တဲ့သဘောပါပဲ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေ သေချာသင်္ဂြိုလ်ပေးခဲ့တယ်၊ သူတို့သေဆုံးတဲ့နေရာနဲ့ အချိန်ကိုသေချာမှတ်ပြီး မှတ်တမ်းယူထားတယ်” လို့ တောင်ပိုင်းနဂါးကပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း Lion Battalion Commando စစ်ကြောင်းမှ ရဲဘော်အရှည်ကြီး၊ ရဲဘော်မျိုးကြီးနဲ့ ရဲဘော်သရဲနီတို့ ကျဆုံးခဲ့တာဖြစ်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှုကို တန်ဖိုးထားဂုဏ်ယူတဲ့ အနေနဲ့ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ တောင်ပိုင်းနဂါးကဆက်ပြောပါတယ်။
Lion Battalion Commando စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့တုန်းကလဲ ကြာအင်းဆိပ်ကြီးမြို့ သံပုရာအုပ်စု မကျည်းကလပ်ကျေးရွာနဲ့ ကော့ကမာကျေးရွာကြားကို ဒုဗိုလ်မှူးကျော်ဇေယျဦးဆောင်တဲ့ စစ်ကောင်စီတပ်က နယ်မြေကျုးကျော်ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အများအပြားသေဆုံးခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Lion Battalion Commando