မတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ကုန်သွယ်ရေးဇုန်မှာ မတ်လ (၂၅) ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေသခံတွေအနေနဲ့ ကုန်စျေးနှုန်းမြင့်တက်မှုတွေအပြင် ကုန်ပစ္စည်းပြတ်တောက်မှုတွေနဲ့ပါ ကြုံတွေ့နေရပါတယ်။
မြဝတီမြို့ဘုရင့်နောင်စျေးကြီးထဲကနေ ထွက်မယ့်ကုန်ကားတွေကိုပေးမဖြတ်တော့သလို မဲကနယ် ဘက်ကနေ မြဝတီကိုလာမယ့် ကုန်ကားတွေကိုလည်း ပေးမဖြတ်တော့တာကြောင့် ဒေသခံတွေအနေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကုန်ပစ္စည်းဆုံးရှုံးမှုတွေ ကြုံတွေ့နေရပြီး ဆေးဆိုင်တစ်ချို့လည်း ပိတ်ထားတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေအပြင် မြဝတီမြို့အတွင်းမှာလည်း အခြေခံစားသောက်ကုန် ပစ္စည်းတွေ စျေးနှုန်း ၂ ဆမြင့်တက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုဆိုရင် မြဝတီမှာ ကွမ်းရွက်တွေတောင် ဝယ်လိုမရတာတွေဖြစ်နေပြီး ဝယ်လို့ရရင်လည်း အနည်းအကျဉ်းလောက်ပဲ ဝယ်လို့ရတော့တယ် ဆေးဆိုင်တစ်ချို့ဆိုလည်း ပိတ်ထားတော့ တစ်ချို့ဆေးတွေဆို ဝယ်လို့မရတော့ဘူး” လို့ ဆိုပါတယ်။
လက်ရှိမှာ ကုန်ကားတွေကို ပေးမထွက်တာကြောင့် ကုန်းစိမ်းဒိုင်တွေ အနေနဲ့လည်း ဟင်းသီးဟင်းရွက်ပုတ်တာတွေနဲ့ ကြုံတွေ့နေရပြီး အအေးခန်းတွေမှာပြန်ထားရတဲ့အတွက် ကုန်ကျစရိတ်တွေ ပိုများတဲ့အပြင် ကုန်ပစ္စည်းဆုံးရှုံးမှုတွေနဲ့ပါ ကြုံတွေနေရတယ်လို့ ကုန်းကားမောင်သူတွေက ပြောပါတယ်။
“ကားတွေကိုပေးမသွားတော့ ကားပေါ်ပါလာတဲ့ ဟင်းသီးဟင်းရွက်တွေဆိုရင် ပုတ်ကုန်တယ်။ တချို့ကုန်သည်တွေဆိုရင် ပစ္စည်းတွေကားပေါ်ကနေပြန်ချပီးတော့ အအေးခန်းတွေမှာပြန်ထားတော့ အရင်ကထက် ကုန်ကျစရိတ်တွေပိုများလာတာပေါ့ဗျာ” လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးတံတားအမှတ် ၂ ပိတ်ထားတဲ့အတွက် ထိုင်းဘက်ခြမ်းက ရေခဲမရရှိတဲ့အတွက် ရေခဲစျေးနှုန်းတွေ ၂ ဆ မြင့်တက်လာတဲ့အပြင် မြဝတီမြို့ထဲမှာလည်း ရေခဲတွေ လုံလောက်စွာဝယ်ယူလိုမရတဲ့အတွက် စျေးတွေထဲမှာ ငါးရောင်းတဲ့စျေးသယ်တွေအနေနဲ့ ငါးတွေကို ရေခဲမရိုက်ရတာကြောင့် ငါးတွေပုတ်ကုန်တယ်လို့ မြ၀တီမြိုတွင်း ငါးရောင်းသူ တစ်ဦးက ဆိုပါတယ်။
“အရင်ကဆိုရင် စက်ရေခဲ (5 × 9) အိတ် တစ်အိတ်ကို ၅၀၀ ကျပ်နဲ့ ၀ယ်ရတဲ့ဟာတွေက အခုဆိုရင် ၁၀၀၀ ကျပ် နဲ့ပေးပီး၀ယ်နေရတယ်။ စက်ရေခဲတုံးလဲ အဲ့လိုပဲ အရင်က တစ်တုံးကို ၅၀၀ ကျပ်ပဲရှိတဲ့ဟာတွေက အခု ၁၀၀၀ ကျပ် ဖြစ်နေပြီးတော့ ရေခဲလုံလုံလောက်လောက်မရတာကြောင့် ငါးတွေရေခဲမရိုက်ရတော့ ငါးတွေပုတ်ကုန်တဲ့အထိ ဖြစ်ကုန်တာပေါ့” လို့ ပြောပါတယ်။
အခုလိုတိုက်ပွဲဖြစ်ပွားပြီးနောက် မြဝတီတစ်မြိုလုံးမှာ စစ်ကောင်စီတပ်ဘက်မှ ကင်းပုန်း၀တ်ပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အပြင် မြဝတီမြို အနီးအနားရှိ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ညဘက်စျေးရောင်း၊ စျေး၀ယ်သူတွေအနေနဲ့ အပြင်မထွက်ရဲကြဘဲ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – CJ