မတ်လ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတစ်ချို့ဟာ မတ်လ ၂၅ ရက်နေ့ကနေစပြီး စစ်ဘေးရှောင်နေရတာ အခုအချိန်ထိ ၄ ရက်ခန့် ကြာမြင့်နေပြီး ဖြစ်တာကြောင့် နေရာထိုင်ခင်းနဲ့ အစားအသောက်တွေမှာ အခက်အခဲတွေရှိနေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
ကျုံဒိုးမြို့ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ကျုံဒိုးမြို့တစ်ဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်ခဲ့ပြီး ကျုံဒိုးမြို့အပါအဝင် အနီးအနား ကျေးရွာ ၁၀ ရွာက ဒေသခံ ၆၀၀၀ ကျော်လောက်ဟာ ဘားအံမြို့နဲ့ ကျုံဒိုးမြို့အနီးတစ်ဝိုက်က တောတွေနဲ့ ဘုန်းကြီးကျောင်းတွေ ဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ ကျုံဒိုးမြို့ဒေသခံတွေဆီက သိရပါတယ်။
အခုလို ပြင်ဆင်ချိန်မရဘဲ ရုတ်တရပ်စစ်ဘေးရှောင်ရတာကြောင့် ဒေသခံစစ်ဘေးရှောင်တွေမှာ နေရာထိုင်ခင်းနဲ့ စားရေးသောက်ရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“စားရသောက်ရတာတော့ အဆင်ပြေတယ်တော့ ဘယ်ဟုတ်မလဲ၊ အခုက မြို့ပြင်က ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ကအများကြီး၊ ဒီတစ်နေရာထဲ လူ ၁၀၀ ကျော် ၂၀၀ လောက်ရှိတာ၊ ညဘက်အိပ်တော့လည်း စောင်မပါ၊ ခေါင်းအုံးမပါအိပ်ရတာ” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေပါဝင်နေတာကြောင့် အခုလို အစားအသောက်ခက်ခဲတာတွေ၊ နေရာထိုင်ခင်းအဆင်မပြေတာတွေကြောင့် ရေရှည်မှာ အခက်အခဲတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။
အခုချိန်မှာတော့ ကျုံဒိုးမြို့ဘက်ခြမ်းမှာ တိုက်ပွဲတွေငြိမ်သက်နေတာကြောင့် စစ်ဘေးရှောင်တစ်ချို့မှာ နေရပ်ပြန်လည်နေထိုင်နေကြတယ်လို့ မြို့ထဲ ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။
“တစ်ချို့က ပြန်လာကြပြီး၊ ညကတော့ သေနတ်သံကြားရတယ်၊ အခုထိတော့ငြိမ်နေတယ်၊ မနက်ဖြန်လောက်ဆို ပြန်လာကြမယ်ထင်တယ်” လို့ ကျုံဒိုးမြို့အတွင်းမှာ ပိတ်မိနေသူက ပြောပါတယ်။
ကျုံဒိုးမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြို့ထဲမှာ ကုန်ကားသမားတွေနဲ့ ဒေသခံတစ်ချို့ ပိတ်မိနေကြပြီး အစားအသောက်တွေကို ဈေးကြီးပေးပြီ ဝယ်စားနေကြရတယ်လို့ ပိတ်မိနေသူတွေဆီက သိရပါတယ်။
ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် မတ်လအထိ စစ်ဘေးရှောင်ဦးရေ ၅ သိန်းကျော်ရှိပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၈၄၁ ဦးနဲ့ သေဆုံးသူ ၅၂၂ ဦးထိ ရှိလာပြီးဖြစ်တယ်လို့ Karen Women’s Organization−KWO ရဲ့ စာရင်းတွေအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ