မတ်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ၊ ဝက်လက်မြို့နဲ့ အရာတော်မြို့ကြားရှိ သမရိုးတံတားကို ဖြတ်ကူးနေတဲ့ စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်မှာ မတ်လ (၂၄) ရက်နေ့ ညနေ ၆ နာရီလောက်က လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ကြားဖြတ်၀င်ရောက် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲကျော်အကြာမှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ (၈) ဦး သေဆုံးကာ (၁၇) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရပါတယ်။
“အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ဝက်လက်နဲ့ အရာတော်ကိုကူးတဲ့ မြို့နယ်ကူးတံတား သမရိုးကနေ ကတိုကုန်းကို စကစတွေ ဖြတ်ကူးတဲ့အချိန်မှာ ကြားဖြတ်၀င်တိုက်ခဲ့တာဗျ ။ နှစ်ဖက်ပစ်ခတ်ချိန် တစ်နာရီခွဲလောက်ကြာတယ် ။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူး” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ ၊ တပ်ရင်း ၃ ၊ တပ်ရင်း ၄ ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။
အဆိုပါတိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၃ အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (၁၀) ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာြဖစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁၉) ရက်နေ့ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၂ တပ်ခွဲ ၄ မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း − မေမီမင်းညို
ဓါတ်ပုံ – CJ