မတ်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့က မြိုမရဲ့စခန်းနဲ့ ကပ်ကျော်ဘုန်းကြီးကျောင်းတိုက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ရေစကြိုမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲအင်အား ၇၀ ဝန်းကျင်ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။
“သေဆုံးတာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို အတွင်းပေးချက်အရသိရတာပါ။ သူတို့က ဘယ်နေရာမှာတော့ ဘယ်သူတွေရှိတယ် ပြီရင် ဘယ်နေရာကိုပစ်ရမလဲဆိုတာကို ကျွန်တော်တို့ကို အတွင်းလူတွေက ပြောပြခဲ့တယ်”လို့ သူကပြောပါတယ်။
ဒါ့ပြင် မတ်လ ၂၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ကပ်ကျော်ဘုန်းကြီးကျောင်းကို ရေစကြိုမြို့အနောက်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦး ဒဏ်ရာရှိပြီး ရေစကြိုမြို့ပေါ်က ဆေးရုံမှာ အရေးပေါ်ကုသမှုခံနေရတယ်လို့ ဆိုပါတယ်။
“တပ်စွဲထားတာက ၅ လ လောက်ရှိပြီ။ ဘုန်းကြီးကျောင်းဝင်းထဲ စစ်သားတော့သိပ်မရှိဘူး ရှေ့တန်းပါသွားကြတယ်။ အခုက ပခုက္ကူကရဲနဲ့ ရေစကြိုကရဲတွေရှိနေကြတာ။ တိုက်ခိုက်ခဲ့တာကလဲ သူတိုရေချိုးနေတဲ့အချိန်ဆိုတော့ နှစ်ဖက်ပစ်တာက ၄ မိနစ်လောက်ပဲကြာတယ်”လို့ ပြောပါတယ်။
ကပ်ကျော်ဘုန်းကြီးကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ ညဘက်တွေမှာ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်နေပြီး ကျည်ခွံတွေကို ရောင်းခိုင်းကာ အရက်ဝယ်ခိုင်းတာတွေ ပြုနေတယ်လို့ လဲပြောပါတယ်။
အခုလိုတိုက်ခိုက်မှုကို Myingyan Black Tiger၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၄ မီးတောက်တပ်ခွဲ ၊ဗိုလ်ကြာစိ ဦးဆောင်တဲ့ နယ်စည်းမခြား ဖရီးဒမ်း ဖယ်ဒရယ်စစ်ကြောင်း (၁)၊ 8 stars မြင်းခြံပျောက်ကျားတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး Myingyan Black Tiger (MBT) အမှတ် (၂) စခန်းအတွက် လက်တုန့်ပြန်တိုက်ခိုက်ခဲ့တာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Myingyan Black Tiger