မတ်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ၊ မင်းရွာရှိ စစ်ကောင်စီ တပ်စခန်းတခုကို Myingyan District Drone Strike အဖွဲ့မှ ဒရုန်းနဲ့ဗုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေ အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး အင်အား ၈၀ လောက်ရှိတဲ့ အထိုင်စခန်းတခုကို မတ်လ ၂၆ ရက်နေ့ ည ၇ နာရီလောက်မှာ Myingyan District Drone Strike အဖွဲ့နဲ့ မဟာအဖွဲ့တွေမှ ဒရုန်းနဲ့ ဗုံးသီး ၁၄ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ Myingyan District Drone Strike အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ အခုအချိန်ထိ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
“အဲ့ဒီစခန်းမှာ အင်အားက ၈၀ လောက်ရှိမယ်ဗျ။ အထိအခိုက်တော့တော်တော်များတယ်။ သူတိုရဲ့ကင်းကို တည်တည့်ချခဲ့တာ။ အရေအတွက်အတိအကျကို တော့မေးကြည့်နေတုန်းဗျ” လို့ သူကပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က အထိအနာများတာကြောင့် အဲ့ဒီစခန်းကနေ လက်နက်ကြီး၊ စက်လက်တို့နဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ ပြည့်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို Myingyan District Drone Strike အဖွဲ့နဲ့ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊ MG6 ပြောက်ကျားတပ်၊ စည်တော်ကြီး ဒေသကာကွယ်ရေးပြောက်ကျားတပ်တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနစ် မတ်လ ၂၅ ရက်နေ့ကလည်း မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တောင်းကြား စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ပါသေးတယ်။
သတင်း – နော်အယ်နီး
ဓာတ်ပုံ – Myingyan District Drone Strike