မတ်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပေါ်နေတာကြောင့် ကျုံဒိုးမြို့အနီးတစ်ဝိုက်မှာရှိတဲ့ ကျေးရွာ ၁၀ ရွာနီးပါးက ဒေသခံပြည်သူ ၆၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျုံဒိုးမြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျုံဒိုးမြို့အပါအဝင် ချောင်းဖျားရွာ ၊ နောင်ထပ္ပံရွာ ၊ သရက်တောရွာ၊ ဂျိုင်းရွာ၊ နွားခြံကုန်းရွာ၊ လေးတိုင်ရွာ၊ ငါးတိုင်ရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး ကျုံဒိုးမြို့ထဲမှာလည်း ပိတ်မိတဲ့လူတွေရှိနေကာ အိမ်အပြင်ထွက်တဲ့သူတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခက်တာတွေရှိနေတယ်လို့ ပိတ်မိနေသူ တစ်ဦးက ပြောပါတယ်။
“ကျုံဒိုးမြို့မှာ အဓိကပစ်နေတာဆိုတော့ ဝေးတဲ့နေရာတွေကိုပြေးကြတာပါဘဲ၊ ဘားအံဘက်တွေရော၊ တောထဲက ဘုန်းကြီးကျောင်းတွေရော၊ ကျွန်တော်က ပိတ်မိနေတာ၊ သူများအိမ်မှာ ကပ်နေနေရတာ၊ ပိတ်မိနေတဲ့လူတွေများတယ်၊ ထွက်လိုမရဘူး၊ ထွက်ရင်ပစ်တယ်၊ မနေ့ကတစ်ယောက်ထွက်တာ အပစ်ခံရတယ်၊ ယောကျာ်လေးပဲ သေတော့ မသေဘူး” လို့ ပိတ်မိနေသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကစပြီး မြဝတီကုန်သွယ်ရေးဇုန်၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကနေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တာကြောင့် ကျုံဒိုးမြို့ထဲက ဒေသခံ ၄ ဦးသေဆုံး ခဲ့ရပြီး လက်နက်ကြီးထိမှန်တာကြောင့် နေအိမ်မီးလောင်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။
အခုချိန်မှာလည်း ကျုံဒိုးမြို့ထဲမှာ တိုက်ပွဲတွေကြောင့် ကုန်ကားမောင်းသမားတွေပိတ်မိနေပြီး စားရေးသောက်ရေး အခက်အခဲတွေဖြစ်နေတဲ့အပြင် ငါးတိုင်ကျေးရွာမှာလည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့ထဲကို လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရှိသူတွေရှိခဲ့ပြီး တံတားဦးကျေးရွာနဲ့ ကော့နွဲကျေးရွာက ဒေသခံပြည်သူ ထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – CJ