မတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာနဲ့ မဲကနယ်ကျေးရွာကြားမှာရှိတဲ့ ကုန်သွယ်ရေးဇုန်နားမှာ ဒီကနေ့ မတ်လ ၂၅ ရက်နေ့ မနက် ၅ နာရီခွဲလောက်ကစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကုန်သွယ်ရေးဇုန်ထဲမှာလည်း ကုန်ကားတွေပိတ်မိ နေပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဇုန်အတွင်းပိတ်မိနေတဲ့ ကားသမားတွေရဲ့ လုံခြုံရေးအရ ကားအောက်တွေထဲမှာထိုင်နေရပြီး အာရှလမ်းကိုလည်း မသွားရဲကြတော့ဘူးလို့ ကားသမားတစ်ဦးက ပြောပါတယ်။
“အသံကြားနေရတာတော့ နေရာအစုံဘဲ၊ ကျွန်တော်တို့က ကုန်သွယ်ရေးဇုန်ထဲမှာပိတ်မိနေတာ၊ အဓိကတိုက်ပွဲဖြစ်တာတော့ ကုန်သွယ်ရေးဇုန်ထဲပေါ့၊ အခုကတော့ အသံတိတ်သွားပြီး၊ ကုန်သွယ်ရေးဇုန်ထဲမှာတော့ ကုန်ကား အစီး ၄-၅ ဆယ်တော့ရှိမယ်၊ ကျွန်တော်တိုကတော့ ကားအောက်တွေမှာ ထိုင်နေကြပါတယ်၊ အာရှလမ်းကတော့မပိတ်ဘူး ဒါပေမဲ့ဘယ်သူ့မှ မသွားကြဘူး” လို့ ပိတ်မိနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ မြဝတီအခြေစိုက် ခလရ ၂၇၅ ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး သင်္ဃန်းညီနောင်ရဲစခန်းနဲ့ မြဝတီကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့ပြီး အခုချိန်မှာလည်း မြဝတီကုန်သွယ်ရေးဇုန်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂိတ်တဲတွေနဲ့ ကာစတန်နားနေရုံး တွေကို မီးရှို့ဖျက်ဆီးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြဝတီ-ကော့ကရိတ်အာရှလမ်းမ ဆိတ်ဖူးတောင်ကြားလမ်းနားမှာလည်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် လမ်းတစ်ဖက်ပျက်စီးသွားခဲ့ရပြီး လက်ရှိအချိန်မှာလည်း ကော့ကရိတ် တံတားကျိုးဂိတ်ကို ယာဉ်ဖြတ်သန်းသွားလာခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ- CJ