မတ်လ (၂၅) ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အပြင်ဘက်ခြမ်းက စစ်ကောင်စီတပ်ရဲ့ ခလရ ၂၇၅ ကုန်းမှ မတ်လ (၂၅) ရက်နေ့ ၈ နာရီခွဲအချိန်မှာ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် မြဝတီမြို့ ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြဝတီ−ကော့ကရိတ်အာရှလမ်း၊ ကုန်သွယ်ရေးဇုန်၊ ကျုံဒိုး၊ စတဲ့နေရာတွေမှာ မတ်လ ၂၅ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး ယခုညဘက်ပိုင်း အချိန်မှာ လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေတယ်လို့ မြဝတီမြိုခံတစ်ဦးက အခုလိုပြောပါတယ်။
“၈ နာရီခွဲက အသံအကျယ်ရီးပဲ တစ်ချက်တစ်ချက်ပစ်ရင်အိမ်တွေပါတုန်တယ်။ ၂၇၅ ဘက်နေ အသံတွေထုနေတာ။ ညဘက်တွေပစ်နေတာ ၂ ညရှိပြီး။ မိုးချုပ်တာနဲ့ လက်နက်ကြီးစထုပြီး။ အိမ်မှာကတော့ အထုတ်တွေပြင်ထားကြတယ်” လို့ ပြောပါတယ်။
မြဝတီမြို့မှာ အရင်က ညမထွက်ရအမိန့် ၁၀ နာရီအထိသတ်မှတ်ထားပေမဲ့ အခုမှာတော့ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာကြောင့် အချိန်ကို မနက် ၆ နာရီမှ ည ၆ နာရီအထိ ပြောင်းလဲ သတ်မှတ်ခဲ့တယ်လို့ ပြောပါတယ်။
“မနက် ၆ ည ၆ မထွက်ရတဲ့လို့လိုက်အော်နေတယ်။ အရင်ကတော့ ည ၁၀ နာရီအထိ ထွက်ခွင့် ပေးထားတယ်။ အခုတိုက်ပွဲအခြေအနေပြန်ဆိုးလာတော့ မြို့ထဲမှာ ကားနဲ့ပတ်ပြီးလိုက်အော်နေတယ်။ ည ၆ နာရီကျော်လို့ထွက်ရင်အရေးယူမယ်တဲ့”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံ သောင်းရင်းမြစ်တစ်ဖက်ကမ်းက နယ်စပ်တစ်လျှောက်မှာလည်း ထိုင်းအာဏာပိုင်တွေက အခုညပိုင်းအထိ လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ထိုင်းမီဒီယာသတင်းတွေမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ် BGF တပ်တွေက ယနေ့ညနေပိုင်းမှာ အမှတ် ၅ ရေပူဘက်က အလုပ်သမားတွေကို ပေါ်တာဖမ်းဆီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ဒီညနေ အခု စကစနဲ့ BGF တွေက အသက် ၃၅ နှစ်အရွယ် ကိုသက်နိုင်ကို ပေါ်တာဆွဲသွားကြတယ်။ သူတိုလိုက်ပြီးပြန်ပေးဆွဲနေတယ်။ ကျွန်းတောဘက်က ရေပူအလုပ်သမားတွေကို ၃၅၆ က စကစတွေခေါ်သွားတယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာ စစ်ကောင်စီတပ်ဘက်မှ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း အကျအဆုံးတွေ ရှိနေတယ်လို့ သိရပါတယ်။
သတင်း – Saw John
ဓါတ်ပုံ – CJ