မတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်နီ(ကယား)ပြည်နယ် ၊ ဘောလခဲမြို့နယ်အတွင်းရှိ ပြည်သူတွေအလုပ်လုပ်ကိုင်နေတဲ့ သစ်လုပ်ငန်း တည်ရှိရာနေရာကို စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ်လ (၂၃) ရက်နေ့ ၊ ညနေ ၄ နာရီခွဲခန့်အချိန်မှာ တိုက်လေယာဥ်နဲ့ ဗုံးလာကြဲချခဲ့ပါတယ်။
သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့နေရာကို စစ်ကောင်စီတပ်ဘက်မှ ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံး (၅) လုံးကြဲချသွားတဲ့အတွက် သေဆုံးသူ (၃) ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦး တို့မှာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတယ်လို သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁၆) ရက်နေ့က ရေနီပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဘောလခဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲတွေ အကြား နှစ်ဖက် စစ်ရေးတင်းမာနေပြီး ရေနီပေါက်ကျေးရွာ နဲ့ မိုင်းထမ်းကျေးရွာတွေကို စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီနဲ့ နေ့စဥ်ပစ်ခတ်နေတဲ့အတွက် ကျေးရွာပေါင်း (၂) ရွာမှ အိမ်ခြေပေါင်း (၂၀) လုံးခန့် ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
“စစ်ဘေးရှောင်ခန့်မှန်းခြေက ၁၀၀၀ ၀န်းကျင်ရှိပါတယ်ဗျ ။ စစ်ရှောင်တွေအနေနဲ့က တစ်ရွာလုံး ရွာလုံးကျွတ် ထွက်ပြေးရတာဆိုတော့ ဘာမှမယူနိုင်ပဲ နီးစပ်ရာ ကျေးရွာတွေကို ရှောင်ပြေးရတာပေါ့။ နီးစပ်ရာ တွေဆီကို တကွဲတပြားပြေးနေရတဲ့အတွက် လိုအပ်ချက်ကတော့ အခြေခံစားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းတွေ လိုအပ်နေတယ်” လို့ ဘောလခဲပြည်သူ့ကာကွယ်ရေး တပ်ဖွဲမှ တာ၀န်ရှိသူတဦးကပြောပါတယ်။
ကရင်နီ (ကယား) ပြည်နယ် အတွင်းဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ၊ လေယာဉ်နဲ့ဗုံးကြဲချမှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၂၀၀,၀၀၀ နီးပါး ရှိနေပြီဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ (KnHRG) က ထုတ်ပြန်ထားပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ရင်းအမှတ် (၁၁၀၅)